ကြားဖြတ်သတင်း
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အနောက်ဘက်ကမ်းရှိ အဘောင်သားကျေးရွာအနီးတွင် မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ထုတ်ပြန်ခဲ့ကြခြင်း မရှိခဲ့ပေ။
31 May 2022
မေ ၂၃
- ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်တွင် အသက် ၄၀ နှင့်အထက် လူဦးရေ ၁၇၆,၀၇၉ ဦးကို ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး (B00STER DOSE) ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- Covid 19 တတိယလှိုင်းနှင့်ကြုံတွေ့ရချိန်တွင် အကျဉ်းထောင်အသီးသီး၌ ထောင်ဒဏ်ချမှတ်ခံထားရသူများနှင့် အချုပ်သားများကို ထောင်ဝင်စာတွေ့ခွင့်မပေးတော့သဖြင့် မိသားစုများမှာ တွေ့ဆုံခွင့်ဆုံးရှုံးခဲ့ရသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် တွေ့လိုသည်ဟုပြောဆိုကြသည်။
- လာမည့်ဇွန်လတစ်ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ရခိုင်က စစ်ဘေးရှောင်ကျောင်းသား/သူများအတွက် ကျောင်းအသုံးဆောင်ပစ္စည်းများ လိုအပ်လျှက် ရှိနေသည်။
- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘကုံးနားကျေးရွာအုပ်စုရှိ မြောင်းနားကမ်းရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးဖြစ်သူ မာမတ်တော်ယုပ် အသက်(၄၇)ကို ARSA နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ မေ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် စစ်သားများက နေအိမ်သို့ှ လာရောက်ဖမ်းဆီးသွားခဲ့သည်။
- ရခိုင်မှ တရုတ်သို့တင်ပို့နေသော ရွှံ့ကဏန်းနှင့် ကျောက်ပုစွန်တို့တွင် White Spot Syndrome Virus(WSSV) တွေ့ရှိသဖြင့် မေလ ၂၃ ရက်နေ့မှစတင်ကာ တင်ပို့ခွင့်ကို ယာယီရပ်နားထားရကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
- မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ကျေးရွာသား ၂၁ ဦး မှာ အချိန် ၂နှစ်ကျော်ကြာသည်အထိတိုင် သတင်းအစအနမရဘဲ ပျောက်ဆုံးလျက်ရှိနေသည်။
မေ ၂၄
- ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူလျှော့ကျနေသော်လည်း လေယာဉ်ခရီးစဉ်လိုက်ပါမည့်သူများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- မီးလောင်ကျွမ်းသွားသည့် ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းမှ မဆောက်လုပ်ရသေးသည့် နေအိမ် ၁၀၀ ကျော်ကို ဆောက်လုပ်ရန် အကူအညီများ လိုအပ်လျက်ရှိနေဆဲဖြစ်သည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာအတွင်းတွင် မြန်မာစစ်တပ်မှ စစ်သားအင်အား ၅၀ ကျော်ခန့်သည် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် စာသင်ကျောင်းတို့၌ တပ်စွဲနေထိုင်နေသဖြင့် ရွာသားအချို့မှာ စိုးရိမ်၍ တိမ်းရှောင်နေခဲ့ကြရသည်။
- ယခုနှစ်အတွင်း ဇန်နဝါရီလမှစ၍ မေလ ၂၄ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၆၆ ဦးအထိရှိပြီး သေဆုံးသူ မရှိသေးကြောင်း သိရသည်။
- ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ ပိတ်ထားရသည့် အစိုးရ အခြေခံပညာစာသင်ကျောင်း ၁၂၂ ကျောင်းအား ယခုပညာသင်နှစ်တွင်လည်း ဖွင့်လှစ်နိုင်မည် မဟုတ်ဟု သိရသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကံပြင်ကျေးရွာတွင် မေလ ၂၄ ရက်နေ့လည်ပိုင်းက ကိုထွန်းအေးကျော် အသက် (၂၁) နှင့် မယုယုလိုင် (၁၈) လူငယ်ဇနီးမောင်နှံ ၂ ဦး တစ်ပြိုင်နက်တည်း ကြိုးဆွဲချသေဆုံးသွားခဲ့သည်။
မေ ၂၅
- ရက္ခိုင့်တပ်တော်(AA)ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံထားရသည့် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှ ရခိုင်တိုင်းရင်းသား ၁၀ ဦးနှင့် တစ်လခန့်ကြာသည့်တိုင် အဆက်အသွယ် မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
- အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုအတွင်းသို့ ဆန်ရိက္ခာသယ်ယူခွင့်ကို စစ်ကောင်စီမှပိတ်ထားခဲ့ရာမှ ရက် ၂၀ ခန့်အကြာတွင် လူတစ်ဦးလျှင် တစ်နေ့နှစ်တောင်းဆံ့ဆန်အိတ် ၂၀ စီ သယ်ယူခွင့်ကို မေလ ၂၀ ရက်နေ့မှ စတင်ကာ အကန့်အသတ်ဖြင့် ပြန်လည် ခွင့်ပြုပေးခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP Camp မှ ဒုက္ခသည်များကို ပြောင်းရွှေ့ပေးမည့်နေရာမှာ ရေနစ်မြုပ်မှုရှိသဖြင့် ပြောင်းရွှေ့နေထိုင်ရာ၌ အခက်အခဲဖြစ်လာမည်ကို ဒုက္ခသည်များ စိုးရိမ်နေကြသည်။
- ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံတင်ထားမှုကို လာမည့်ရုံးချိန်းတွင် မတူပီခရိုင်တရားရုံး၌ နှစ်ဖက်လျှောက်လဲချက်တင်ရမည်။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်တွင်ရှိသည့် အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းဆောင်အသစ် ၁၄၀ ကို တိုးချဲ့ဆောက်လုပ်ပေးသွားမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
- သံတွဲမြို့နယ်၊ သလူကျွန်းကျေးရွာမှ ကိုတင်နိုင်ထွန်း အသက် ၂၆ နှစ်အား PDF နှင့် ဆက်စပ်သည်ဟုဆိုကာ သံတွဲခရိုင်တရားရုံးမှ မေလ၂၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
မေ ၂၆
- ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တိုက်နယ်မှူးနှင့် ဒေသခံတစ်ဦးတို့၏နေအိမ်ကို မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ဝင်ရောက်စစ်ဆေးခဲ့သည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အနောက်ဘက်ကမ်းရှိ အဘောင်သားကျေးရွာအနီးတွင် မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ထုတ်ပြန်ခဲ့ကြခြင်း မရှိခဲ့ပေ။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဘောဒူပ(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကို သစ်တောဥပဒေဖြင့် အမှုဖွင့်၊ အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သော်လည်း လေးရက်အကြာတွင် ပြန်အဖမ်းခံလိုက်ရသည်ဟု မိသားစုဝင်များကပြောသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် ဒေသခံအမျိုးသမီးဦးရေ ၅၀၀ တို့ကို သားအိမ်ခေါင်းကင်ဆာရောဂါ ရှိ၊ မရှိ မေလ ၂၆ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ သုံးရက်ကြာ အခမဲ့စစ်ဆေးပေးခဲ့သည်။ နေကြောင်း
- ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ပတ်ဝန်းကျင်အနီးရှိ အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးတို့ကို မေလ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားခဲ့သည်။
- ရက္ခိုင့်တပ်တော်(AA/ULA)အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟုဆိုကာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင်(၄၁ နှစ်)နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆နှစ်)တို့နှစ်ဦးကို မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားခဲ့သည်။
မေ ၂၇
- အရေးယူခံရမည်ကိုစိုးရိမ်၍ နေအိမ်နှင့် ဆိုင်ခန်းများ ဖယ်ရှားပေးလိုက်ရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့မှ ဒေသခံများမှာ လတ်တလောတွင် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
- အခြေခံပညာကျောင်းများ ဖွင့်လှစ်လာခြင်းနဲ့အတူ ရခိုင်ပြည်နယ်အတွင်းက ကူးတို့လှေကိုအသုံးပြုကာ ရေလမ်းခရီးမှကျောင်းတက်ရမည့် ကျောင်းသား၊ ကျောင်းသူတို့အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေသည်။
- ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးနေသော်လည်း မိမိဆန္ဒအရ လာရောက်မထိုးနှံသူများကြောင့် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးမှာ အဆင်မပြေသေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
- ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-အလယ်သံကျော် လမ်းပိုင်းရှိ အချို့နေရာများမှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် သွားလာရေးအခက်ကြုံနေရကြောင်း ကားသမားများကပြောကြသည်။
- ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်များနှင့် တရားရင်ဆိုင်နေရသည့် ရခိုင်လူမျိုးအမျိုးသား ၂ ဦးနှင့် ရှမ်းလူမျိုးအမျိုးသမီး ၂ ဦးဖြစ်သည့် မခင်ဇာခြယ်ကျော်၊ ကိုသိန်းထွန်းအေး၊ ကိုစိုးစိုး၊ မတင်မေလ တို့ကို မေလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း ကမာရွက်မြို့နယ်တရားရုံးက ပုဒ်မအလိုက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
မေ ၂၈
- ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့ရွာကျေးရွာမှ အခြေခံပညာ မူလတန်း(လွန်)စာသင်ကျောင်းမှာ ပျက်စီးယိုယွင်းလာနေသဖြင့် ကျောင်းတက်ရောက်မည့် ကျောင်းသားများအတွက် အန္တရာယ်တစ်စုံတစ်ရာဖြစ်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။
- ယခုနှစ် မြေဆီမြေသြဇာဈေးနှင့် ဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှတောင်သူများမှာ စပါးစိုက်ပျိုးရန် အခက်တွေ့နေကြရသည်။
- ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် အိမ်မွေးတိရိစ္ဆာန်များကို စည်းကမ်းမဲ့ လွှတ်ကျောင်းထားသူများအား အရေးယူမှုများ စတင်လုပ်ဆောင်သွားမည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
မေ ၂၉
- ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းတွင် ခွေးအများအပြား ရောဂါဖြစ်ပွားကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
- ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုမှ အသက် ၅ နှစ်အထက်ကလေးငယ် (၃သိန်း ၈သောင်း ၆ထောင်ကျော်)ကို ဇွန်လ ၂ ရက်နေ့မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- ပလက်ဝမြို့နယ်၊ င/ရှကျေးရွာမှ ကိုအောင်ဦးသည် ရွာအနီးတောင်တန်းမှ တောင်ယာလုပ်ကိုင်ပြီးပြန်လာစဉ် မိုင်းထိမှန်ပြီး ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးသို့ မေလ ၂၉ ရက်နေ့က အရေးပေါ်ပို့ဆောင်လိုက်ရသည်။
- ရခိုင်လူမျိုး ၁၄ ဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်စန်းမြို့၊ လုံးရန် ဘိန်းဖြတ်စခန်းတွင် ယခုနှစ် ဇန်နဝါရီလကနေ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
မေ ၃၀
- မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှစ်ဦး ပြန်လွတ်လာသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြန်မလွှတ်ပေးသေးပေ။
- ရခိုင်တွင် ငါးဖမ်းပိုက်များအတွင်း လိပ်လွတ်မြောက်ရေးကိရိယာ -Turtle Excluder Device(TED) မတပ်ဆင်ထားသည့် ငါးဖမ်းစက်လှေ ၉ စီးကိုအရေးယူထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
- ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းဈေးအတွင်း မီးလောင်မှုတွင် ဆန်ဆိုင်၊ ကုန်စုံဆိုင်အပါအဝင် ဆိုင်ခန်းပေါင်း ၂၅ ခန်းကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။
- ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်နေသည်မှာ ၅ ရက်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ထွက်သွားခြင်းမရှိဘဲ သာသနိက အဆောက်အဦးအတွင်း နေထိုင်နေကြသည်။
- မေလ နောက်ဆုံးအပတ်မှစကာ ရခိုင်တွင် စက်သုံးဆီ ၁လီတာကို ၃၀၀၀ ကျပ်ကျော်အထိ ဈေးထပ်မံမြင့်တက်လျက်ရှိနေသည်။
- ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်က အခြေခံပညာစာသင်ကျောင်းများမှာ မေလ ၂၆ ရက်နေ့မှစပြီး ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခဲ့ရာ မေလ ၃၀ ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံသူ ၃ သိန်း ၂ သောင်းကျော်ရှိခဲ့သည်။
မေ ၃၁
- အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် အဆိုပါစာသင်ကျောင်းများတွင် မျိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောခဲ့သည်။
- ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ပိုးစစ်ဆေးရခြင်းမှ လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူဆိုပါက စစ်ဆေးရန်မလိုတော့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကပြောသည်။
- ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့အတွင်း အမှိုက်များကိုစနစ်တစ်ကျစွန့်ပစ်ရန် ဌာနဆိုင်ရာနှင့်ပြည်သူများပူးပေါင်းကာ သေချာစွာကိုင်တွယ်ရန်လိုအပ်နေကြောင်း ရမ်းဗြဲဒေသခံလူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။
- ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ဒေါ်မတင်သိန်း (၇၅)နှစ်မှာ ကျေးရွာအနီးရှိတောင်ပေါ်သို့ ဟင်းရှာသွားရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်နှစ်ဖက် ပြတ်ထွက်ဒဏ်ရာရကာ သေဆုံးသွားခဲ့သည်။
- စစ်ကောင်စီက ရေငုပ်သင်္ဘောတစ်စီးကို မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သံဇစ်မြစ်ကိုဖြတ်ကာ ဓညဝတီရေတပ်ဌာနချုပ်စခန်းတစ်ဖက်မှာရှိသည့် အုန်းဂျွိန်ကျွန်းသို့ ပို့ဆောင်ထားခဲ့သည်။
- ရခိုင်ပြည်နယ်က အထင်ကရ စေတီတစ်ဆူဖြစ်သော ကျောက်တော်တောင်စေတီတွင် စခန်းချနေရာယူထားသည့် စစ်ကောင်စီတပ်က အနီးအနားရှိ ညောင်းချောင်းနှင့် မဟာမုနိ စစ်ဘေးရှောင်စခန်း ၂ ခုကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။