- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင် ကလေးမွေးဖွားပြီးစ အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ကိုဗစ်ဖြင့် သေဆုံး
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်အတည်ပြုလူနာများထဲမှ ကလေးမွေးဖွားပြီးစ အမျိုးသမီးတစ်ဦးမှာ သြဂုတ်လ ၅ ရက်နေ့က ကိုဗစ်ကြောင့်သေဆုံးခဲ့ရသည်ဟု ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်းမှ သိရသည်။
06 Aug 2021
DMG ၊ သြဂုတ် ၆
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်အတည်ပြုလူနာများထဲမှ ကလေးမွေးဖွားပြီးစ အမျိုးသမီးတစ်ဦးမှာ သြဂုတ်လ ၅ ရက်နေ့က ကိုဗစ်ကြောင့်သေဆုံးခဲ့ရသည်ဟု ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်းမှ သိရသည်။
အသက် ၃၃ နှစ်အရွယ်ရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ လွန်ခဲ့သောလေးရက်ခန့်က ကလေးမွေးဖွားရန် ကျောက်ဖြူခရိုင်ဆေးရုံသို့တက်ရောက်ခဲ့ပြီး ၎င်းတွင်ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသဖြင့် ကိုဗစ်ကုသဆောင်သို့ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ယမန်နေ့က ၎င်းအမျိုးသမီးကို အရေးပေါ်ခွဲစိတ်ကာ ကလေးမေမွးဖွားပေးခဲ့ပြီးနောက် မိခင်ဖြစ်သူမှာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဌ ကိုဂျပန်ကြီးက ပြောသည်။
"မနေ့က နေ့လည်လောက်မှာ ကလေးမီးဖွားချင်လာတယ်။ ပြီးရင် သူက အောက်ဆီဂျင်ကျနေတာဆိုတော့ အရေးပေါ်ခွဲစိတ်ဆောင်ကိုပြောင်းပြီး ခွဲမွေးလိုက်ရတယ်။ အဲဒါညမှာပဲ သူကဆုံးသွားတယ်" ဟု ကိုဂျပန်ကြီးက ရှင်းပြသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ကျောက်ဖြူခရိုင်ဆေးရုံမှ တာဝန်ရှိသူများကို မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပေ။
လက်ရှိတွင် မိခင်ကိုဗစ်ဖြင့်သေဆုံးခဲ့သော်လည်း ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
ယနေ့ သြဂုတ်လ ၆ ရက်နံနက်ပိုင်းကလည်း အသက်ရှူကျပ်သည့် အမျိုးသမီးကြီးတစ်ဦးကို ဆေးရုံကိုပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးသွားခဲ့ကြောင်း လေးဝတီကုလရက္ခတိပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက ပြောသည်။
"ဒီနေ့မနက်ကလည်း အမျိုးသမီးကြီးတစ်ယောက် အသက်ရှူကျပ်လို့ဆိုပြီး ဆက်သွယ်လာတဲ့အတွက် ဆေးရုံကိုပို့တယ်။ ဆေးရုံကိုရောက်တော့ အသက်မရှိတော့ဘူး။ သူကိုစစ်ကြည့်တော့ ကိုဗစ်တွေ့တာပေါ့" ဟု ၎င်းကဆိုသည်။
မောင်တောမြို့နယ်တွင်လည်း ဇူလိုင် ၂၇ ရက်နေ့က ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကလေးမမွေးဖွားနိုင်၍ ဆေးရုံတက်ရောက်စဉ် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် ကလေးအားအရေးပေါ်ခွဲစိတ် မွေးဖွားခဲ့ရပြီး မိခင်ဖြစ်သူမှာ ကိုဗစ်ဖြင့်သေဆုံးသွားခဲ့သည်။
သြဂုတ်လ ၅ ရက်နေ့အထိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏ စာရင်းအရ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၃၅၂ ဦးရှိပြီး သေဆုံးသူ ၂၂ ဦးရှိကြောင်း သိရသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၃၁၁၁ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၂၅၆ ဦးနှင့် လက်ရှိဆေးကုသမှုခံယူနေရသူ ၇၁၆ ဦးရှိကြောင်းလည်း သိရသည်။