ကျောက်ဖြူတွင် ညီအစ်ကို ၂ ဦး ရေနစ်သေဆုံး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ သမ္ဗာန်ချောင်းရပ်ကွက် အမှတ် (၃) ဖောင်တော်အနီးတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ရေနစ်ခဲ့သူ ညီအစ်ကိုနှစ်ဦး၏ ရုပ်အလောင်းများကို မနေ့က နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအဖွဲ့ထံမှ သိရသည်။

06 Jun 2022

ရေနစ်သေဆုံးသွားသော လူငယ်နှစ်ဦးအား ကျောက်ဖြူ မြို့နယ်ကြက်ခြေနီအသင်းမှ သွားရောက်သယ်ယူနေပုံ။ (ဓါတ်ပုံ - ကျောက်ဖြူမြို့နယ်ကြက်ခြေနီအသင်း)


DMG ၊ ဇွန် ၆

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ သမ္ဗာန်ချောင်းရပ်ကွက် အမှတ် (၃) ဖောင်တော်အနီးတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ရေနစ်ခဲ့သူ ညီအစ်ကိုနှစ်ဦး၏ ရုပ်အလောင်းများကို မနေ့က နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ညီအစ်ကိုနှစ်ဦးမှာ သမ္ဗာန်ချောင်းရပ်ကွက်မှ ဦးဖြိုးဇော်မင်း ဒေါ်သန်းသန်းစိုးတို့၏ သားများဖြစ်ကြပြီး အစ်ကိုဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်ပိုင်စိုးမိုးနှင့် ညီဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုးမိုးတို့ဖြစ်ကြသည်။

သူတို့ ညီအစ်ကို နှစ်ဦးမှာ ဖောင်တော်အနီးတွင် ရေဆင်းကူး ကစားရာ၌ ရေစီး လှိုင်းပုတ်ဒဏ်ကြောင့် မျောပါသွားက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ကျောက်ဖြူ မြို့နယ်ကြက်ခြေနီအဖွဲ့ တပ်ဖွဲ့မှူးဦးကျော်အေးသန်းက “ သူတို့  ဇွန် ၄ ရက် ဆယ့်နှစ်နာရီ ကျော်လောက်မှာ ရေဆင်းကူးတာ အဲဒီ အချိန်လောက်ကတည်းက ပျောက်သွားတာ။ ကျနော်တို့ဆီကိုတော့ ည ၇ နာရီလောက်မှပဲ လာအကြောင်း ကြားလို့သိရတယ်။ အကြောင်းကြားချင်းပဲ ကျနော်တို့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ပေမယ့်  ဇွန်လ (၅) ရက်နေ့ ဒီမနက် ၇ နာရီလောက်မှပဲ ညီဖြစ်သူ အလောင်းကိုတွေ့ပြီး အစ်ကိုဖြစ်သူကိုတော့ ၈ နာရီလောက်မှာ တွေ့ရှိခဲ့ကြတယ်” ဟု ဦးကျော်အေးသန်းက ဆိုသည်။

ညီဖြစ်သူ မောင်စိုးမိုးမှာ ဒုတိယတန်း ကျောင်းသားဖြစ်ပြီး အစ်ကိုဖြစ်သူ မောင်ပိုင်စိုးမိုးမှာ ကျပန်းအလုပ်ဖြင့် မိဘကို ကျွေးမွေးလုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

“ အငယ်ကောင်ကို ကျောင်းအပ်နှံထားတယ်၊ အကြီးကောင်ကတော့ ကျောင်းမနေတော့ဘူး။ မုန့်ရောင်းတယ်၊ ပန်းရံလုပ်တယ်၊ တွေ့တဲ့အလုပ် အကုန်လုပ်ပြီး မိဘကို ရာဖွေကျွေးမွေးနေသလို မိဘက အားကိုးရတဲ့အရွယ်ဖြစ်နေပြီ။ အဲ့ဒီနေ့က အကြီးကောင်ကလည်း အလုပ်မသွားရဘူး။ အငယ်ကောင်းကလည်း ကျောင်းမတက်ရသေးတော့ သူတို့ညီအစ်ကိုနှစ်ယောက် မြစ်နားကိုသွားမယ်ဆိုပြီး ပြောသွားကြတာ ခုလိုအဖြစ်ဆိုးနဲ့ကြုံရတာပဲ ” ဟု အဖွားဖြစ်သူ ဒေါ်အောင်သန်းဝင်းက ဆိုသည်။

၎င်းညီအစ်ကိုနှစ်ဦး ရေနှစ်သေဆုံးခဲ့သည့် အမှတ် (၃) ဖောင်တော်အနီးတွင် နှစ်စဉ် ရေနစ်သေဆုံးမှုများကို တွေ့ကြုံနေရပြီး ၎င်းနေရာတွင် ရေမကူးရဆိုသည့် အန္တရာယ်သတိပေးစာများကပ်ပြီး စောင့်ကြည့်တားမြစ်သင့်ကြောင်း ၎င်းဖောင်တော်အနီးတွင် ငါးဖမ်းရှာဖွေနေသည့် ဦးမောင်အုန်းတင်က ပြောသည်။

“ ဒီနေရာက ခနောင်းဝဲရှိတယ်၊ ရေအောက်က မြေကြီးနဲ့ သဲတွေက အရှင်တွေ၊ ဟိုးအရင်နှစ်တွေတုန်းကလည်း ဒါမျိုးဖြစ်ပွားခဲ့တာ ရှိတယ်။ ဒီဒေသရဲ့ အယူအဆအရတော့ ဒီနေရာက လူစားတယ်လို့ ပြောတာပဲ။ ဘာပဲပြောပြော ဒီနေရာရဲ့ အထာကိုမသိတဲ့ လူတွေနဲ့ ကလေးတွေအတွက်က အရမ်းအန္တာရယ်ရှိတယ်။ ” ဟု ဦးမောင်အုန်းတင်မှ ပြောသည်။

အဆိုပါ ညီအစ်ကိုနှစ်ဦး၏ ရုပ်အလောင်းများကို မနေ့က ကျောက်ဖြူမြို့မသုဿန်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးခဲ့သည့် နေရာအနီးတွင် ၂၀၂၀ ခုနှစ် ဇွန်လတုန်းကလည်း စေတီတောင်ကွင်းရပ်ကွက်မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးဖူးခဲ့ကြောင်း စေတီတောင်ကွင်း ဥက္ကဌ ဦးသန်းလှိုင်၏ ပြောပြချက်အရ သိရသည်။