- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)
- စစ်ကောင်စီက ခန့်အပ်ထားသော အမ်းမြို့ရှိ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်တို့ကို တစ်ဦးတည်း အုပ်ချုပ်နေသည့် အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်မှာ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်မှုထမ်းဟောင်းရုံးအနီးတွင် ဓားထိုးဒဏ်ရာ ၂၁ ချက်ဖြင့် သေဆုံးသွားခဲ့သည်။
16 Jun 2022
ဇွန် ၈
- မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အချိန်တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံတွင် သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်းကျခံရသူ (၂၀၉) ဦးအထိ ရှိလာကြောင်း မြန်မာ့နိုင်ငံရေးသုတေသနအဖွဲ့တခုဖြစ်သည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ထုတ်ပြန်ချက်အရ သိရသည်။
- ရခိုင်ပြည်တွင် ဓာတ်မြေသြဇာဈေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်လာသောကြောင့် လယ်ယာလုပ်ငန်းရှင်များမှာ စပါးစိုက်ပျိုးရန် အခက်တွေ့နေကြရသည်။
- မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့နယ်တွင် ထိုင်းအမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ရခိုင်လူမျိုး ၉ ဦးကို သံသယတရားခံအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) က တစ်ဆင့် သိရသည်။
- ရခိုင်က မြို့နယ် ၁၇ ခုတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့ကစ၍ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီး ဇွန်လ ၈ ရက်နေ့အထိ တပတ်အတွင်း ၈၂၇၈၈ ဦး ထိုးနှံပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် စစ်ရေးတင်းမာမှုရှိနေသည့် ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများရှိနေပြီး ဇွန်လ ၈ ရက်နေ့ကလည်း ရာအိမ်မှူးတစ်ဦးဖြစ်သည့် ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်မှ အသက် ၆၀ အရွယ် ဦးမောင်ဝင်းအား မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။
ဇွန် ၉
- စစ်ကောင်စီက ခန့်အပ်ထားသော အမ်းမြို့ရှိ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်တို့ကို တစ်ဦးတည်း အုပ်ချုပ်နေသည့် အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်မှာ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်မှုထမ်းဟောင်းရုံးအနီးတွင် ဓားထိုးဒဏ်ရာ ၂၁ ချက်ဖြင့် သေဆုံးသွားခဲ့သည်။
- ရခိုင်က မြို့နယ် ၁၇ ခုတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၉၃,၂၃၄,၇၀၀ ကျပ်ရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန စာရင်းများအရ သိရသည်။
- ရခိုင်ပြည်ထဲတွင် မြိုတိုင်းရင်းသားလူမျိုး သုံးသောင်းငါးထောင်ကျော်ရှိပြီး ဆင်းရဲမွဲတည်မှုနှင့် နေရာဒေသ ဝေးလံခေါင်ဖျားမှုကြောင့် ယင်းအထဲက ကျောင်းနေအရွယ်ကလေးငယ် ၇၅ ရာခိုင်နှုန်းမှာ အတန်းပညာသင်ယူခွင့် မရကြကြောင်း မြိုလူငယ်အဖွဲ့အစည်းများထံမှ သိရသည်။
- ကျောက်ဖြူမြို့နယ်၊ မင်းရပ်အုပ်စု၊ ရေနံဒွိန်ကျေးရွာချောင်းမှာ တစ်နှစ်ထက်တစ်နှစ် တိမ်ကောလာသောကြောင့် မိုးရာသီရောက်လျှင် နှစ်စဉ် ရေနစ်မြုပ်မှုနှင့်ကြုံတွေ့နေကြရသည်။
- ဆယ်စုနှစ်တစ်ခုကြာ ကျဆုံးနေသည့် ရခိုင်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာနိုင်ရေးအတွက် ချေးငွေ၊ နည်းပညာများအပြင် ဈေးကွက်ဖန်တီးပေးမှုသည် အဓိကအလိုအပ်ဆုံးဖြစ်သည်ဟု နေလှန်းဆားလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြသည်။
- ရခိုင်ပြည်နယ် တောင်ကုတမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း ၁၁ လအရွယ် ကလေးမလေးတစ်ဦး သေဆုံးခဲ့ရခြင်းမှာ ဆေးဓာတ်မတည့်ခြင်းကြောင့်ဟု တောင်ကုတ်ဆေးရုံက ထုတ်ပြန်ခဲ့သည်။
ဇွန် ၁၀
- ရခိုင်ပြည်အတွင်းရှိ ရခိုင်မျိုးနွယ်စုဝင် တစ်ခုဖြစ်သည့် ကမန်လူမျိုး အထက်တန်းကျောင်းသားများသည် ယခု နှစ်ပညာသင်နှစ်တွင် အထက်တန်းပညာရေးသင်ကြားခွင့်ရရှိရေး ခက်ခဲစွာ ကြိုးပမ်းနေသော်လည်း ပညာသင်ခွင့် ရရှိရန် ခက်ခဲနေဆဲရှိသည်ကို ပြေလည်မှုရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးက ပြောကြားခဲ့သည်။
- ယခုနှစ် မိုးဦးကာလအစမှာပင် ရခိုင်က မြို့နယ် ၁၇ ခုတွင် ဇွန်လ ၁၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၉၂ ဦးထိ ရှိလာနေပြီဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
- ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့၊စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁) နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်တို့ နှစ်ဦးအား ဇွန်လ ၁၀ ရက်နေ့က ကျောက်ဖြူမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
- လက်ရှိ AA နှင့် မြန်မာစစ်တပ်တို့ အကြား စစ်ရေးတင်းမာမှုဖြစ်နေချိန်တွင် ပလက်ဝဒေသမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ဖမ်းဆီးနေခြင်းမှာ ကြီးမားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
- စစ်တွေမြို့တွင် အမှိုက်များကို ညနေငါးနာရီမှ ကိုးနာရီအတွင်းသာ စွန့်ပစ်ကြရန် စည်ပင်သာယာရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့သည်။
ဇွန် ၁၁
- ပြည်နယ်အစိုးရ ရုံးစိုက်ရာ ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် မိုးရာသီရောက်လာသည်နှင့် အဓိကလမ်းနှင့် လူသွားလူလာများသော အချို့သောလမ်းမများတွင် အပါက်အပြဲများ၊ ချောက်ခွက်များဖြင့် ရေဝပ်နေမှုများကြောင့် ဆိုးရွားစွာ ပျက်စီးမှုများရှိနေသည်ကို တွေ့ရှိရသည်။
- ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းတွင် ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄)ကို ထပ်မံထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာ ကျောင်းဆောင်မလုံလောက်မှုကြောင့် အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် Grade 11 စနစ်သစ်အတန်းကို စာသင်ကြားရန် အဆောင်မရှိဖြင့် ကျောင်းသားများ အခက်အခဲဖြစ်နေရသလို ကြိမ်ချောင်း အ.ထ.က ကျောင်းတွင်လည်း စာသင်ကြားရန် အခက်အခဲများ ရှိနေသည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ပလက်ဝမြို့မှ ရာအိမ်မှူး ဦးမောင်ဝင်း၊ ပလက်ဝဒေသခံ ဦးမောင်မဲကျော့၊ အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်နှင့် အဘောင်သားကျေးရွာသား ၃ ဦးတို့ကို စစ်ကောင်စီက မိသားစုဝင်များဖြင့်တွေ့ခွင့်မပေးသေးဟု သိရသည်။
- မီးမလောင်ဘဲကျန်ခဲ့သည့် ကျောက်တော် တင်းမကျေးရွာရှိ လူနေအိမ်များကို မြန်မာစစ်သားများက ဖြိုဖျက်ပြီး သစ်နှင့်သွပ်များကိုယူဆောင်ကာ စခန်းတည်ဆောက်ရာတွင်အသုံးပြုနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ဇွန် ၁၂
- အာဏာသိမ်းစစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင်များနှင့် တစ်ဖွဲ့ချင်းသီးသန့် လက်ခံတွေ့ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခရီးဆုံးထိ ရောက်ရှိမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုကြသည်။
- မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်အတွက် လက်ရှိ စစ်ကောင်စီမှ လုပ်ဆောင်နေသည့် ဘင်္ဂလားဒေ့ရောက် ရခိုင်မှ မွတ်ဆလင် ဒုက္ခသယ်များ လက်ခံရေး လုပ်ငန်းများမှာ အောင်မြင်မည့် အခြေအနေမရှိကြောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများကပြော ဆိုကြသည်။
- ၂၀၂၂ခုနှစ် တက္ကသိုလ်ပညာသင်နှစ်၊ ရခိုင်ပြည်၊ စစ်တွေတက္ကသိုလ်သို့ နယ်ဝေးမှကျောင်းလာတက်သည့် အဝေးသင် ကျောင်းသား/သူများမှာ နေစရိတ်၊ စားစရိတ် မြင့်မားမှုကြောင့် ကျောင်းသားတချို့မှာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ပြီး ပညာသင်ကြားနေကြရသည်။
- ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဂွမြို့သို့သွားသည့် သံတွဲ-ဂွလမ်းမကြီးပေါ်တွင် မိုးရေကြီးမှုနှင့် ချောင်းရေလျှံမှုတို့ကြောင့် ရွှံ့မြေထဲတွင် စိုက်ထူထားသည် ဓာတ်တိုင် ၃ တိုင်လဲကျမှုဖြစ်ပွားခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းကျွန်း အမှတ်(၈)၊ မင်းဂံကျေးရွာ(ခေါ်) လှံပျောက်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
- ရခိုင်ပြည် ကျောက်ဖြူ လေယာဉ်ကွင်းကို ယခု (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာနှစ်အတွင်း ပြန်လည်ပြုပြင် ဆောင်ရွက်ကာ ပြေးလမ်းများကို အဆင့်တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေကြောင်း သက်ဆိုင်ရာ လေယာဉ်ကွင်း တာဝန်ရှိသူထံမှ သိရသည်။
- ရှေးဟောင်း မြောက်ဦးမြို့၊ ရှေးဟောင်းနယ်နိမိတ်ဇုန်အတွင်းက ကျူးကျော်နေအိမ်၊ အဆောက်အအုံ၊ သာသနိကအဆောက်အအုံနှင့် တခြားကျူးကျော်များကို ယခုနှစ် စက်တင်ဘာလမတိုင်မီ အပြီးဖယ်ရှားမည်ဟု ပြောဆိုသော်လည်း လက်ရှိအချိန်ထိ တစုံတရာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
- ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မီးဘေးသင့်မဟာမုနိစစ်ဘေးရှောင်စခန်းအတွက် ဂျပန်နိုင်ငံရှိ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ANDP)နှင့် Arakan FC - Japan ဘောလုံးအသင်းတို့ပူးပေါင်းပြီး ဆန်အိတ် ၄ဝဝ ခန့်ကို သွားရောက်လှူဒါန်းခဲ့ကြသည်။
ဇွန် ၁၃
- ပေါက်တောမြို့နယ်၊ ရီပဒေကျေးရွာတွင် ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်က လယ်ထွန်နေသည့် အသက် ၄၁ နှစ်အရွယ် ဦးမောင်ကျော်စိန် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့သည်။
- ရခိုင်ပြည်အတွင်းမှာရှိသည့် စစ်ကောင်စီတပ်သားများကို တိုက်ပွဲဝင်ရန်အသင့်ရှိနေရမည်ဟု စစ်ကောင်စီ ဒုဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က မြို့နယ်လှုမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများကို ရှေးဦးပြုစုခြင်းဘာသာရပ်များအား အခမဲ့သင်ကြားပေးခဲ့သည်။
- ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် အောက်ခြေအထိ အဂတိကင်းစွာဖြင့် ဆောင်ရွက်ကြရန် စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းခဲ့သည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သာယာကုန်းကမန်ကျေးရွာရှိ ကျောင်းတက်ခွင့်မရသေးသည့် ကမန်လူမျိုး အထက်တန်းကျောင်းသူ၊ ကျောင်းသားများကိစ္စကို စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်နယ်ပညာရေးမှူးဦးဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
- ရခိုင်ပြည်နယ်တွင် မိုးဦးကာလ ၂ ပတ်အတွင်း စစ်တွေမှ အမျိုးသမီးငယ် ၁ ဦး၊ ကျောက်ဖြူမှ ညီအစ်ကို ၂ ဦးနှင့် မောင်တောမြို့နယ်မှ ကလေး ၃ ဦးတို့ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဇွန် ၁၄
- အမ်းမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်ရှိ နေအိမ် ၁၁ အိမ်ကို ဆက်သွယ်ရေးရုံးဟောင်းမြေနေရာတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားရန် အမိန့်ထုတ်ထားသော်လည်း ဖြိုဖျက်ခံမည်မဟုတ်ဟု ဖြိုဖျက်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသူများက ပြောသည်။
- ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)က ရခိုင်တွင် ဘာသာမတူ လူမျိုးမတူသူများအကြား သဟဇာတဖြစ်ရေးကို အဓိကထားဆောင်ရွက်နေသည်ဟု ULA/ AA က ပြောခဲ့သည်။
- နှစ်စဉ် မိုးတွင်းကာလတွင် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ အဖြစ်များသောကြောင့် ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။
- စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ထဲသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ရာနှင့်ချီ ရှိနေသည်ဟု ဇွန်လ ၁၄ ရက်နေ့တွင်ပြုလုပ်သည့် တတိယအကြိမ်မြောက် ULA/AA ၏ သတင်း စာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့သည်။
- မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နှစ်ဦးမှာ ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက မျစ်ချိုးရန်သွားရာမှ မိုင်းထိမှန်ပြီး ဦးမောင်သန်းတင် (၃၅ နှစ်)မှာသေဆုံးသွားခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ဦးမောင်ကြည်ဝင်းမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
- ရက္ခိုင်ပြည်သူ့အစိုးရ ULA/ AA အနေဖြင့် ရခိုင်တွင် နေထိုင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအားလုံးမှ အခွန်ကောက်ခံလျှက်ရှိကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် ULA/ AA ၏ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။
- ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ လက်နက်အင်အားတိုးချဲ့နေခြင်းမှာ တိုက်ပွဲဖြစ်လာလျှင် မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် Online မှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် ULA / AA မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
- စစ်ကောင်စီမှ ULA/AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းရှိသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ULA/AA မှ ဖမ်းဆီးရခြင်းဖြစ်ကာ ၎င်းအကျဉ်းသားများကို အချင်းချင်းဖလှယ်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
ဇွန် ၁၅
- မာန်အောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်ကို မီးပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်ကပင် မီးကြိုးသွယ်တန်းမှု ပြီးစီးနေသော်လည်း လက်ရှိအချိန်ထိ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခြင်း မရှိသေးပေ။
- ရခိုင်ပြည် စစ်တွေမြို့တွင် ရေမြောင်းများ ပိတ်ဆို့နေခြင်း၊ ရေစီးရေလာ မကောင်းသည့်အတွက် ရွေပြားရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်၊ လမ်းမတော်တောင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် မိုးရွာသွန်းသည်နှင့် ရေနစ်မြုပ်မူများ မကြာခဏဖြစ်နေသည်။
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြသည်။
- ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာ စာစစ် ဌာနအသီးသီးတွင် ထုတ်ပြန်ကြေငြာသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ အတည်ပြုခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ငူအုပ်စုရှိ ရွာချင်းဆက်လမ်းတစ်ခုကို ကျပ်သိန်းပေါင်း ၆၅၀ ဖြင့် အကုန်ကျခံကာ ပြုလုပ်ခဲ့သော်လည်း လမ်းပြီးစီးမှုမရှိသေးဘဲ ရပ်နားထားခဲ့သည့်အတွက် လက်ရှိတွင် ကျောင်းသားများအပါအဝင် ဒေသခံများ သွားလာရခက်ခဲနေလျက်ရှိသည်။
Photo -Ko Saw