အမ်းမြို့တွင် ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင် ၆၀ ကျော်နှင့် အဆက်အသွယ် မရသေး 

ရွာအနီးတိုက်ပွဲများကြောင့် ရွာသာယာ၊ မီးလောင်ချောင်း၊ ကျောက်စကွဲ စသည့် ကျေးရွာများမှ ဒေသခံများမှာ စက်တင်ဘာလ ၂၉ ရက်တွင် အမ်းမြို့သို့ စစ်ဘေးရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

By Admin 09 Oct 2024

အမ်းမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
အမ်းမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၉

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးစဉ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၆၀ ကျော်မှာ မိသားစုဝင်များနှင့် တစ်စုံတစ်ရာ အဆက်အသွယ်မရသေးကြောင်း သိရသည်။ 

ရွာအနီးတိုက်ပွဲများကြောင့် ရွာသာယာ၊ မီးလောင်ချောင်း၊ ကျောက်စကွဲ စသည့် ကျေးရွာများမှ ဒေသခံများမှာ စက်တင်ဘာလ ၂၉ ရက်တွင် အမ်းမြို့သို့ စစ်ဘေးရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။  

“ဖမ်ဆီးခံထားရသူတွေရဲ့ မိသားစုဝင်အများစုက စစ်ကောင်စီ ကန့်သတ်ထားတဲ့ နေရာတွေမှာ ရှောင်နေရတာ။ ဖုန်းလည်း ပြောခွင့်မရှိဘူး။ အပြင်ထွက်ဖို့လည်း မလွယ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရွာသာယာ၊ မီးလောင်ချောင်း၊ ကျောက်စကွဲ စသည့်ကျေးရွာများမှ စစ်ဘေးတိမ်းရှောင်လာသူများမှာ စစ်ကောင်စီ နေထိုင်ခွင့်ပေးထားသည့် မြို့သစ်ရပ်ကွက်၊ ဦးဥတ္တမတောင်ကုန်းတွင် နေထိုင်ကြရပြီး လွတ်လပ်စွာသွားလာခွင့်၊ ဖုန်းဆက်သွယ်ခွင့်များ ကန့်သတ်ခံထားရသည်။ 

ဖမ်းဆီးထားသည့် စစ်ဘေးရှောင်များကို ကံကော်ဘုရားတောင်တွင် ထိန်းသိမ်းထားကြောင်း သိရပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသည်မှာ ရက်ပေါင်း ၁၀ ခန့် ကြာမြင့်နေပြီ ဖြစ်သည်။ 

မဲတောင်ဗျူဟာကုန်းကျပြီးနောက် စစ်ကောင်စီက အမ်းမြို့တွင် အင်အားတိုးချဲ့ကာ လုံခြုံရေးတင်းကျပ်ထားသည်။ အမ်းမြို့ခံအချို့မှာလည်း မြို့တွင်းတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများ ရှိနေသည်။ 

“ဒီတစ်ရက် နှစ်ရက်အတွင်းမှာ တပ်မိသားစုဝင်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေက ပြည်မဘက်သို့ ရှောင်နေတာကို ပိုပြီးမြင်ရတယ်။ ပိုက်ဆံမရှိတဲ့ သူတွေကတော့ ဒီအတိုင်းနေကြရတယ်။ ဒါပေမဲ့ မြို့ခံအများစုက ဘေးလွတ်ရာသို့ အဆင်ပြေသလို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုစားနေကြတယ်” ဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် အမ်းမြို့ရှိ တပ်မိသားစုများကို ပြည်မဘက်သို့ပြောင်းရွှေ့နေပြီး ဌာနဆိုင်ရာဝန်ထမ်းများကို သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။  

အမ်းမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက “သူတို့မိသားစုတွေကိုကျတော့ အသည်းအသန် ပြောင်းရွှေ့နေပြီ။ ကျမတို့ ဝန်ထမ်းတွေကိုကျတော့ ထွက်ပြေးတိမ်းရှောင်ခွင့် ပိတ်ထားတယ်” ဟု ပြောသည်။
 
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခပ်တော်(AA)တို့ကြား ပြီးခဲ့သည့် ဧပြီလမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအရအရေးပါသော တောဟိန်းတောင်နှင့် မဲတောင်ဗျူဟာကုန်းတို့ကို AA က သိမ်းပိုက်ထားဖြစ်သည်။ 

ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ သံသယဖြင့် ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေ၍ ဒေသခံများမှာ လုံခြုံမှု ကင်းမဲ့နေရသည်။