တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

- ရခိုင်ပြည် တောင်ကုတ်မြို့ ချောင်းသုံးခွ ကျေးရွာမှ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဇူလိုင်လ (၈) ရက်နေ့က ခဲအိုဖြစ်သူ အသက် ၂၃ နှစ်အရွယ် ထက်လင်းဇော် (ခ)ညီချေက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

16 Jul 2022

ဇူလိုင် ၈
- မြန်မာစစ်တပ်ကဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် ကျောက်တော်မြို့မှ အသက် ၅၇ နှစ်အရွယ် ဦးကျော်သန်းမောင်ဆိုသူမှာ သွေးတိုးရောဂါရှိသောကြောင့် ဆေးကုသမှုခံယူနေရသည်။
- ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ သဲခုံကျေးရွာမြစ်ကမ်းစပ်တွင် လက်များနှင့် ခန္ဓာကိုယ်များကို ကြိုးဖြင့်ချည်နှောင်ခံထားရပြီး သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းကို ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်။
- မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘလောင်တော)ကျေးရွာမှ မွတ်ဆလင်လူငယ် နှစ်ဦးသည် ဇူလိုင်လ ၈ ရက်နေ့ နေ့လည် ၁ နာရီခန့်က မြန်မာစစ်တပ် ခမရ(၃၇၈)တပ်ရင်းအနီးတွင် နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
- မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမား နှစ်သိန်းနှစ်သောင်း (၂၂၀၀၀၀) ကျော် အလုပ်ကိုင်ဆုံးရှုံးခဲ့ရကာ ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ဥရောပသမဂ္ဂသံရုံး (EU) မှ ထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည် တောင်ကုတ်မြို့ ချောင်းသုံးခွ ကျေးရွာမှ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဇူလိုင်လ (၈) ရက်နေ့က ခဲအိုဖြစ်သူ အသက် ၂၃ နှစ်အရွယ် ထက်လင်းဇော် (ခ)ညီချေက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၉
- စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
- ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဘုရားကြီးချောင်းနား ကျေးရွာမှ(၂၅)နှစ်အရွယ် ကိုတင်မောင်စိုးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့်  ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။
- ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို Quarantine ထားရှိပြီး ကိုဗစ်ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ဇူလိုင်လ (၇ )ရက်နေ့တွင် ၂ ဦး၊ ဇူလိုင်လ (၈)ရက်နေ့တွင် (၃) ဦးတို့ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- ရခိုင်သို့ ရန်ကုန်၊ မန္တလေး စသည့် ပြည်မဘက်မှလာသည့် ကုန်ကားများကို လမ်းခရီးတွင် မြန်မာစစ်တပ်က စစ်ဆေးမှုများ တင်းကျပ်နေသည့်အတွက် အချိန်ကြန့်ကြာပြီး ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးနေကြောင်း  ရခိုင်ကုန်သည်များက ပြောဆိုကြသည်။
- ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုများ တင်းမာစွာဖြစ်ပွားခဲ့သည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် အရပ်သားပြည်သူများထဲမှ ၁၈ ဦးကို စစ်ကောင်စီမှ အမှုဖွင့် တရားစွဲဆိုထားသည်။
- အမ်းမြို့နယ် ကဇုကိုင်းကျေးရွာမှ အသက် (၁၅) နှစ် အရွယ် (၈) တန်းကျောင်းသား မောင်စည်သူကျော်လင်းမှာ ရွာ၏ အရှေ့ဖက် မြန်မာစစ်တပ်မှ လုံခြုံရေးယူထားသည့် တောင်အနီးတွင် မျှစ်သွားချိုးစဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်။
- ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထိန်းသိမ်းထားသည့် ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အမျိုးသား ၈ ဦးကို ဇူလိုင် ၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။
ဇူလိုင် ၁၀
- ရခိုင်ပြည်မြို့တော်ဖြစ်သော စစ်တွေတွင် အမှိုက်များကို စနစ်တကျထုပ်ပိုးပြီး ညနေငါးနာရီမှသာ စွန့်ပစ်ကြရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့သော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆိုင်းဘုတ်အချို့ပါ ဖျက်ဆီးခံခဲ့ရသည်။
- တောင်ကုတ်မြို့နယ် ပန်းတင်းကျွန်းမှ အမော်ကျေးရွာ နှင့် ကံပိုင်ကျေးရွာတို့တွင် ဆားငံရေများ ဝင်ရောက်ခဲ့သည့်အတွက် ကျေးရွာသားများပိုင်ဆိုင်သည့် လယ် ဧက ၈၀ နီးပါး ပျက်စီးခဲ့ကြရသည်။
- ရခိုင်ပြည်၊ ပေါက်တော - မင်းပြားကားလမ်းပေါ်ရှိ စွန်ရဲမြစ်ကို ဖြတ်သွယ်ထားသည့် စွန်ရဲတံတားအနီးတွင် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများမှာ နိမ့်ဆင်းနေသဖြင့် မြစ်ကိုဖြတ်သန်းသွားသူများမှာ မကြာခဏဆိုသလို ဓာတ်လိုက်သေဆုံးမှုများရှိ နေကြသည်။
- ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် ယခင်လမှစတင်ကာ မြန်မာစစ်တပ်က ကုန်လမ်း၊ ရေလမ်းမှခရီးသွားလာသူများအား တင်းကျပ်စွာစစ်ဆေးမှုများကို ယနေ့အချိန်ထိ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
- ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးဆောင်ကာ ရခိုင်စာပေအသုံးပြုမှုတွင် စံနမူနာတရပ်အဖြစ် တည်ငြိမ်ရေးအတွက် ပြုစုနေသည့် ရခိုင်စာသတ်ပုံကျမ်းမှာ (၉၀)ရာခိုင်နှုန်းထိ ပြုစုပြီးစီးထားသော်လည်း ထုတ်ဝေဖြန့်ချိရန်အတွက် ငွေကြေးလိုအပ်ချက်များရှိနေသည်။
ဇူလိုင် ၁၁
- ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တစ်ကျော့ပြန်စစ်ပွဲ မဖြစ်ပွားရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့်နည်းလမ်းများဖြင့် အပြန်အလှန်ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေကြောင်း ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
- ရခိုင်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ကိုယ်လက်အင်္ဂါနှင့် အသက်အန္တရာယ် ဆုံးရှုံးမှုများကို အများအပြားတွေ့လာရပြီး အဆိုပါ ကြုံတွေ့လာရသည့် အခြေအနေမှာ မြန်မာစစ်တပ်ကထောင်ထားသည့် မြေမိုင်းများကြောင့်ဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA ) က ပြောဆိုခဲ့သည်။
- ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း (၂၁) ရွာက ဒေသခံများအတွက် အရေးပါသည့် ကျောက်ဖြူ - ရေနံဒွိန် ကားလမ်း ဆိုးရွားစွာပျက်စီးနေမှုကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။
- ရခိုင်ပြည်အတွင်း ပြန်ပေးဆွဲသည့်ပုံစံမျိုး ဆက်လက်လုပ်ဆောင်မည်ဆိုပါက သည်းခံခွင့်လွှတ်သွားမည်မဟုတ် ဟု ရက္ခိုင့်တပ်တော် (ULA/AA) က ပြောကြားခဲ့သည်။
- ရခိုင်ပြည် ကျောက်တော်မြို့ ကမ္ဘာ့ရတနာဘဏ်(ခွဲ)မှ ဘဏ်မန်နေဂျာ ဦးဝင်းနိုင် (၅၃) နှစ်ကို ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၉ ရက်နေ့က  ဖမ်းဆီးခဲ့ကြောင်း AA  ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
- မြန်မာနိုင်ငံတွင် Omicron(အိုမီခရွန်)မျိုးရိုးဗီဇပြောင်း COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိလာမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများကို ပိုမိုအရှိန်မြင့် ဆောင်ရွက်နေကြောင်း ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
- အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့် ကုရ်ဘာနီ အီးဒ် ပွဲတော်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် မွတ်ဆလင်ကျောင်းသားများက ဦးဆောင်ကာ ရခိုင်မျိုးနွယ်စုများ၊ CSO အဖွဲ့အစည်းများနှင့်အတူ ကျင်းပခဲ့သည်။
- အစ္စလာမ်ဘာသာရေးပွဲတော် "ကုရ်ဘာနီ"နေ့ အထိမ်းအမှတ်အဖြစ် ဘူးသီးတောင် မြို့နယ်က မွတ်ဆလင်ရွာပေါင်း ၂၂ ရွာမှ မွတ်ဆလင်အမျိုးသား၊ အမျိုးသမီး ဦးရေ ၄၅၀ အား ရက္ခိုင့်တပ်တော် AA ကအဝတ်အထည်များ လှူဒါန်းပေးခဲ့သည်။
ဇူလိုင် ၁၂
- မွတ်ဆလင်နှင့်ရခိုင်တို့ကြား ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားနေသော သဘောထားတင်းမာမှုများကို အဆုံးသတ်ရန် ကြိုးပမ်းလျက်ရှိပြီး သဟဇာတဖြစ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပို၍ခိုင်မာလာစေရန် အဓိကထား ဆောင်ရွက်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့သည်။
- ကျောက်ဖြူမြို့နယ်၊ ကံ့ကော်တောဘုရားအနီးတွင် တည်ဆောက်ထားသော ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်သည့် (LNG to Power) ဓာတ်အားပေးစက်ရုံမှ စက်နှိုးသံများ ဆူညံစွာထွက်ပေါ်နေသောကြောင့် အနီးအနားရှိ ကျေးရွာငါးရွာမှ ဒေသခံများမှာ အနှောင့်အယှက် ဖြစ်နေကြရသည်။
- ရခိုင်ပြည်တွင် ပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံက လှူဒါန်းထားသည့် ကစ္ဆပနဒီသင်္ဘော(၃)စီးကို ပြေးဆွဲမှုမရှိတော့ဘဲ ယာယီရပ်နားထားသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနနှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။
- တောင်ကုတ်မြို့နယ်အတွင်း ငွေစက္ကူအတုများ လှဲလှယ်နေကြောင်းသတင်းရသဖြင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းခဲ့ရာ တောင်ကုတ်မြို့နယ်၊ လိပ်ကုန်းဘောင်ကျေးရွာမှ ကိုသန့်ဇင်ထွန်း (၂၁)နှစ်ထံမှ တစ်သောင်းကျပ်တန် ၁၀၅ ရွက်၊ ပဒါကျေးရွာမှ ဒေါ်မာမာဝင်းနှင့် မခင်သီတာလွင်တို့ထံမှ တစ်သောင်းကျပ်တန် ၂၂၉ ရွက်တို့ကို သိမ်းဆည်းရမိကာ ဖမ်းဆီးခဲ့သည်။
ဇူလိုင် ၁၃
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံ ၆ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက အတည်ပြု ပြောဆိုခဲ့သည်။
- မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာကမ်းခြေ၌ မပေါက်ကွဲသေးသော တိုပီဒိုတစ်လုံးကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်။
- ရခိုင်ပြည် စစ်တွေမြို့မှ တခြားမြို့များသို့ သယ်ယူပို့ဆောင်ရေးလုပ်နေသည့် မော်တော်ဘုတ်များတွင် သံထည်ပစ္စည်းများ၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် ဆန်ရိက္ခာတို့ကို ရခိုင်ပြည်နယ် စစ်ကောင်စီ၏ နယ်/လုံဝန်ကြီး လက်မှတ်ပါမှသာ သယ်ယူခွင့်ရကြကြောင်း သိရသည်။
- နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ - ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း၊ ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ဇူလိုင်လ ၁၃ ရက်နေ့က ပထမဆုံး ရုံးထုတ် စစ်ဆေးခဲ့သည်။
- မြန်မာစစ်တပ်က နေအိမ်အထိသွားရောက်ပြီး ရှာဖွေနေသောကြောင့် တောင်ကုတ်မြို့နယ်၊ ကံပြင်ကျေးရွာမှ ကိုအောင်ကျော်နိုင်မှာ ကျေးရွာတွင်မနေရဲတော့ဘဲ တခြားကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေရသည်ဟု ကာယကံရှင်ကပြောခဲ့သည်။
- ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ ပြည်နယ်စစ်ကောင်စီထံမှ ရိက္ခာထောက်ပံ့ပေးမှုကို မရရှိကြသည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောဆိုကြသည်။
ဇူလိုင် ၁၄
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ဇွန်လ ၁၆ ရက်နေ့ကတည်းကပိတ်ထားသော ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို လက်ရှိအချိန်ထိ ပြန်လည်မဖွင့်ပေးသောကြောင့် ကားသမားများနှင့် ဒေသခံများ အခက်တွေ့နေကြရသည်။
- မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှု၏ အကျိုးဆက်အဖြစ် ပြည်တွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေသည်။
- ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း(ခေါ်) မြေငူကျွန်းရှိ သဲခုံကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုနှင့်ရင်ဆိုင်နေရပြီး ဒေသခံများအတွက် နေထိုင်ရေးနှင့် သွားလာရေးတို့အတွက် အခက်တွေ့နေကြသည်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပဲပဒုံအမှတ်(၁) စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် ဆန်ရိက္ခာများ ပြတ်လပ်နေပြီး လက်ရှိတွင် အသိမိတ်ဆွေများထံမှ အကြွေးစနစ်ဖြင့်ဝယ်ယူကာ အရေးပေါ်ဖြေရှင်းနေရကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။
- မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းမှာ မျက်စိဝေဒနာခံစားနေရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။
- ဂန္တဝင်မြောက် ရခိုင်တေးသီချင်းများကို ရေးဖွဲ့သီဆိုခဲ့သော အသက်(၇၆)နှစ်အရွယ် တေးရေး၊တေးဆို ဦးမောင်ကျော်သာသည် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့က် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
- လက်ရှိစီးပွားရေးအကြပ်အတည်းများနှင့်ကြုံတွေ့နေရသည့် သီရိလင်္ကာနိုင်ငံအတွက် နိုင်ငံတော်ရန်ပုံငွေဖြင့်  ဆန်တန်ချိန် (၁၀၀၀) လှူဒါန်းရန် စစ်ကောင် စီက စီစဉ်ဆောင်ရွက်နေသည်ဟု စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၁၅
- ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသော်လည်း စစ်တွင်းအသုံးပြုခဲ့သော မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများ သိသိသာသာ တိုးမြင့်လာနေသောကြောင့် စစ်ကောင်စီအနေဖြင့် မိုင်းများကို အမြန်ဆုံးရှင်းလင်းပေးရန် လိုအပ်သည်ဟု ဒေသခံများကပြောကြသည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ ဆရာတော်ဦးဥတ္တမပန်းခြံအတွင်း အရက်ဝိုင်းဖွဲ့သောက်စားနေသူများကို ယခုလအတွင်း စောင့်ကြည့်အရေးယူတော့မည်ဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
- ရခိုင်ပြည်နယ်အတွင်း ဖမ်းမိသည့် တရားမဝင်သစ်များထဲတွင် ပဲခူး၊ မကွေး စသည့် ပြည်မဘက်မှ သစ်အများအပြား ပါဝင်နေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
- နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ - ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်၏ အယူခံအမှုကို ဇူလိုင်လ ၁၅ ရက်တွင် မတူပီခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့သည်။
- နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့မှ ဦးဘလှိုင်၊ ကိုမျိုးသွင်နှင့် ကိုမြတ်သူရထွန်းတို့ကို စစ်တွေအကျဉ်းထောင်တွင် Video Conferencing (ခေါ်) အွန်လိုင်းရုပ်သံစနစ်ဖြင့် စတင်ရုံးထုတ်ခဲ့ကာ ဦးကျော်မင်း၊ ဦးဝင်းမောင်သန်းနှင့် ဦးထွန်းလှိုင်တို့ကို ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
- သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း စက်သုံးဆီဈေးနှုန်းများကို လျှော့ရောင်းရန် ညွှန်ကြားထားသော်လည်း ရခိုင်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များတွင် ဆီဈေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။