သံတွဲနှင့် တောင်ကုတ်ရှိ ကျေးရွာသုံးရွာ လေကြောင်းဗုံးကြဲခံရ
ရခိုင်ပြည်၊ သံတွဲမြို့နယ် ဆင်ခေါင်းရွာနှင့် ညောင်ခြေထောက်ရွာ၊ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတို့ကို ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
07 Nov 2024
DMG ၊ နိုဝင်ဘာ ၇
ရခိုင်ပြည်၊ သံတွဲမြို့နယ် ဆင်ခေါင်းရွာနှင့် ညောင်ခြေထောက်ရွာ၊ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတို့ကို ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၆ ရက်၊ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ဆင်ခေါင်းရွာနှင့် ညောင်ခြေထောက်ရွာတို့ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဗုံးလာကြဲတာ ရွာနှစ်ရွာကြားက ဓနိတောကို ကျတယ်။ နွားတစ်ကောင် ဗုံးစမှန်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာကို နိုဝင်ဘာ ၆ ရက်၊ နံနက် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ သစ်တောရုံးနှင့် နေအိမ် ၄ လုံးပျက်စီးသွားခဲ့သည်။
“ဂျက်နဲ့ မနက်အစောကြီး လာပစ်တာ။ သစ်တောရုံးနားမှာ ကျတယ်။ အနားက အိမ်လေးလုံး ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာ ၄ ရက်ကလည်း ကင်းတောင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်အထိ ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁၀ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။
သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကိုလည်း ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နှင့် ၂၉ ရက်က နှစ်ရက်ဆက် လေကြောင်းဗုံးကြဲခဲ့မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည်။ အလားတူ ညောင်ခြေထောက်ရွာတွင်လည်း အောက်တိုဘာ ၁ ရက် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဆင်ခေါင်းကျေးရွာမှာ သံတွဲမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန်မှစ၍ လေကြောင်းဗုံးကြဲခံရမှု ၇ ကြိမ် အထိရှိလာပြီး ကျေးရွာတွင် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေသခံ ၁၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၈ ဦးအထိ ရှိသည်။
ရခိုင်ဒေသတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင် တိုက်ပွဲလုံးဝမရှိသည့် နေရာများ၊ AA ထိန်းချုပ်နယ်မြေများအား လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာကာ ပြည်သူများမှာလည်း စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရသည်။
DMG ၏ စာရင်းပြုစုချက်အရ ရခိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၈၀ ခန့်ရှိခဲ့သည်။