ရှမ်းမြောက်တိုက်ပွဲ အရပ်သားသေဆုံးဒဏ်ရာရရှိသူ မြင့်တက်လာ

ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ ဇွန်လ ၂၅ ရက်တိုက်ပွဲနှင့်အတူ ကျိုးပျက်သွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်စတင်ခဲ့ကာ တိုက်ပွဲများပြင်းထန်နေသည်။

By Admin 08 Jul 2024

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ဇွန် ၃၀ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ဇွန် ၃၀ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်

DMG ၊ ဇူလိုင် ၈

၁၀၂၇ စစ်ဆင်ရေး ဒုတိယအကြိမ်စတင်သည့် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇွန် ၂၅ ရက်မှ ဇူလိုင် ၇ ရက်အထိ ၁၃ ရက်အတွင်း အရပ်သား ၄၉ ဦးသေဆုံးပြီး၊ ၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

ဇူလိုင်လ ၇ ရက်က မိုးကုတ်မြို့အနောက်ပိုင်း ဘောလုံးကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး၊ လေးဦးဒဏ်ရာရရှိသွားသည်။ မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံသုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း TNLA က ထုတ်ပြန်သည်။ 

ဇူလိုင်လ ၆ ရက်ကလည်း လားရှိုးမြို့၊ ရပ်ကွက်(၅)တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိသွားသည့်အပြင် ဇူလိုင်လ ၅ ရက်က လားရှိုးမြို့နယ်၊ နမ့်နွန်းကျေးရွာတွင် ကျည်ထိမှန်မှုကြောင့် အရပ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တစ်နိုင်ငံလုံးတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားပြည်သူ့များကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်။

နိုင်ငံရေးသမားတစ်ဦးက “တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီက စစ်ရေးအရ အရှုံးကြီးရှုံးနေတယ်။ လက်နက်ကိုင်တွေကို တိုက်ခိုက်လို့မနိုင်တဲ့အတွက် ပြည်သူ့တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတယ်။ ဒါတွေဟာ စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်” ဟု ပြောသည်။

ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ ဇွန်လ ၂၅ ရက်တိုက်ပွဲနှင့်အတူ ကျိုးပျက်သွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်စတင်ခဲ့ကာ တိုက်ပွဲများပြင်းထန်နေသည်။

တိုက်ပွဲ ၁၄ ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး နောင်ချို၊ မိုးမိတ်နှင့် သီပေါနှင့် လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။