လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ

အောက်တိုဘာ ၄ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြရွာကို ဂျတ်တိုက်လေယာဉ်ဖြင့် နံနက် ၂ နာရီကျော်တစ်ကြိမ်၊ ညနေ ၃ နာရီကျော်တစ်ကြိမ် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၉ ဦးသေဆုံးကာ ဒဏ်ရာရသူ ၁၃ ဦးထိရှိခဲ့သည်။

By Admin 05 Oct 2024

လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကင်းတောင်ရွာမှ အသက် ၉ နှစ်အရွယ် မောင်ဇင်ဟိန်းကို။ (ဓာတ်ပုံ - ပေးပို့)
လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကင်းတောင်ရွာမှ အသက် ၉ နှစ်အရွယ် မောင်ဇင်ဟိန်းကို။ (ဓာတ်ပုံ - ပေးပို့)

DMG ၊ အောက်တိုဘာ ၅

ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့တွင် အောက်တိုဘာ ၄ ရက်နေ့ထိ အရပ်သား သေဆုံးသူ ၁၀ ဦး နှင့် ဒဏ်ရာရရှိသူ ၁၅ ဦး စုစုပေါင်း ၂၅ ဦးထိရှိနေသည်။

အောက်တိုဘာ ၄ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြရွာကို ဂျတ်တိုက်လေယာဉ်ဖြင့် နံနက် ၂ နာရီကျော်တစ်ကြိမ်၊ ညနေ ၃ နာရီကျော်တစ်ကြိမ် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၉ ဦးသေဆုံးကာ ဒဏ်ရာရသူ ၁၃ ဦးထိရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တစ်နေ့တည်းတွင် နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကင်းတောင်ရွာနှင့် အနီးအနားရွာများမှ ဒေသခံများမှာ ဘေးလွတ်မည်ဟုထင်ရသော နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

“အခု ရွာမှာ လူမရှိတော့ဘူး။ နီးစပ်ရာ၊ ဘေးလွှတ်ရာကို ရှောင်နေရတယ်။ ဒီနေ့မနက်ကလည်း ထပ်ပြီးတော့ ဒရုန်းတွေပျံတဲ့အသံတော့ ကြားတယ်။ နောက်ထပ်ပစ်မလားဆိုပြီး စိုးရိမ်ကြတယ်။ မနေ့က ဒဏ်ရာရသွားတဲ့ သူတွေကိုတော့ နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုနေပါတယ်” ဟု ကင်းတောင်ရွာသားတစ်ဦးက ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ကင်းတောင်ကျေးရွာသား ၃ ဦးမှာ ဆေးကုသနေစဉ် ယနေ့သေဆုံးသွားပြီး သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးမှာလည်း ဗုံးခိုကျင်းအတွင်း ပိတ်မိခြင်းကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသူများထဲတွင် ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ နာရေးအား ကူညီလုပ်ဆောင်နေသူများလည်း ပါဝင်သည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ညောင်ခြေထောက်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းသို့ ကျရောက်ကာ ဦးအောင်နိုင်သူ သေဆုံးသွားပြီး မောင်မိုးဒီမှာ ထိခိုက်ဒဏ်ရာရရသွားခဲ့သည်။

အရပ်သားများနေထိုင်ရာကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေမှုအေပေါ် ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက “ပထမတစ်ခုက အာရက္ခတပ်တော်ရဲ့ ဗျူဟာပျက်စီးရေး၊ အေအေကြောင့် ပြည်သူတွေ ဗုံးကြဲခံနေရတယ်ဆိုတဲ့ အမြင်မျိုးမြင်သွားအောင် လုပ်တာ။ နောက်တစ်ခုက အေအေရဲ့ ဆေးရုံ၊ ဆေးခန်း တည်နေရာတွေကို သိချင်လို့ ပြည်သူတွေကို အနာတရဖြစ်အောင်လုပ်ပြီးမှ နောက်ကနေ ဒရုန်းတွေနဲ့ ထောက်လှမ်းတာတွေ လုပ်နေတာ” ဟု သုံးသပ်သည်။ 

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ နေ့စဉ်တိုးလာနေပြီး ယင်းလုပ်ရပ်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုနေကြသည်။