ဆေးပညာဘွဲ့ရရှိသူများ ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ဘွဲ့ရအောင်စာရင်းထုတ်ပြန်ပြီးသူများအနေဖြင့် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့(မေလ ၁၃ ရက်)တွင် ထုတ်ပြန်ထားသည်။

13 May 2022

ဓာတ်ပုံ - အင်တာနက်

DMG ၊ မေ ၁၃

ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ဘွဲ့ရအောင်စာရင်းထုတ်ပြန်ပြီးသူများအနေဖြင့် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့(မေလ ၁၃ ရက်)တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတို့တွင် ဆေးပညာဘွဲ့ရအောင်စာရင်း ထုတ်ပြန်ပြီးသူ ၁၂၂၂ ဦးအထိရှိကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဆေးတက္ကသိုလ်ဘွဲ့ရရှိသူများအနေဖြင့် ဆေးတက္ကသိုလ်များတွင် ပထမနှစ်တက်ရောက်စဉ်ကတည်းက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း “ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက်တာဝန်ထမ်းဆောင်ပါမည်”ဟု ကတိဝန်ခံချက် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ထားသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ဆရာဝန်အများစုမှာ တာဝန်ထမ်းဆောင်ရန် နည်းပါးနေမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

"သတိပေးစာတွေ ဘယ်လောက်ပဲထုတ်နေပေမဲ့ တာဝန်ထမ်းဆောင်မယ့်သူတွေကတော့ နည်းပါးနေမှာပဲ။ နိုင်ငံအခြေအနေ မတည်မငြိမ်မချင်းကတော့ အလှမ်းဝေးနေမှာဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်ရန် ဆရာဝန်များလိုအပ်နေမှုကြောင့် လက်ရှိဆေးပညာဘွဲ့ရအောင်စာရင်းထုတ်ပြန်ပြီးသူ ၁၂၂၂ ဦးမှာ နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ခဲ့လျှင် လျော်ကြေးငွေ သိန်း ၆၀၀ အပြင် ဆေးကုသခွင့်(ဆ/မ)လိုင်စင်ထုတ်ပေးမည်မဟုတ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆေးတက္ကသိုလ်တက်ရောက်ရန်အတွက် ကျောင်းလာရောက်အပ်နှံသူ ၅၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု မေလ ၁၂ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။