ဆေးဖက်ဝင်အပင်မှတဆင့် တိုင်းရင်းဆေးဖော်စပ်ပြီး ကိုဗစ်ရောဂါအတွက် ဆေးဝါးအဖြစ်အသုံးပြုနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးပြောကြား

ဆေးဖက်ဝင်အပင်များမှတဆင့် တိုင်းရင်းဆေးဖော်စပ်ပြီး COVID-19 ကပ်ရောဂါအတွက် ဆေးဝါးအဖြစ်အသုံးပြုနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ကြောင်းသိရသည်။

03 Sep 2021

DMG ၊ စက်တင်ဘာ ၃

ဆေးဖက်ဝင်အပင်များမှတဆင့် တိုင်းရင်းဆေးဖော်စပ်ပြီး COVID-19 ကပ်ရောဂါအတွက် ဆေးဝါးအဖြစ်အသုံးပြုနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန COVID-19 Central Command Center ခန်းမ၌ ပြုလုပ်သည့် ကိုဗစ်ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဒေါက်တာသက်ခိုင်ဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

မြန်မာ့တိုင်းရင်းဆေးပညာသည် အများပြည်သူ အားကိုးအားထားပြုရသောပညာရပ်ဖြစ်ပြီး တိုင်းရင်းဆေးကျမ်းများတွင် ရှေးယခင်ကတည်းက အဖျားရောဂါနှင့်ပတ်သက်၍ ကုသခဲ့သော တိုင်းရင်းဆေးဝါးများရှိကြောင်း၊ မာဓနိဒါန်းဆေးကျမ်းတွင်လည်း ဝိသမအဖျားအမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင်သည့် တိုင်းရင်းဆေးဖုံနှင့် ဖော်စပ်အသုံးပြုခြင်းကိုတွေ့ရှိကြောင်း၊ ယင်းကဲ့သို့သော တိုင်းရင်းဆေးဝါးများကို ပြန်လည်ဖော်ထုတ်ပြီး COVID-19 ကပ်ရောဂါအတွက် အသုံးပြုနိုင်ရန်ဆောင်ရွက်သင့်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ကြောင်းသိရသည်။

ထို့အပြင် နိုင်ငံတကာတွင်လည်း ဆေးဖက်ဝင်အပင်များဖြင့် COVID-19 ရောဂါအတွက်အသုံးပြုရန် သုတေသနပြုလုပ်သည်ကိုတွေ့ရပြီး တိုင်းရင်းဆေးဝါးများကို ပြန်လည်ဖော်ထုတ်အသုံးပြုရာတွင် Ethical Board အဖွဲ့၏ခွင့်ပြုချက်ဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးက အကြံပြုပြောဆိုထားသည်။

ဆေးဝါးအသုံးပြုရာတွင် လူနာအတွက် Safety ဖြစ်ဖို့အရေးကြီးပြီး Patient Safety အတွက် IRB (Institutional Review Board)သို့တင်ပြကာ စနစ်တကျဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်အသုံးပြုရာ၍ အကျိုးသက်ရောက်မှုရှိလျှင် ဆေးဝါးအမြောက်အမြားထုတ်ပေးနိုင်ရန် လိုအပ်သောကြောင့် ရေရှည်တွင် ဆေးဝါးကုန်ကြမ်းလုံလောက်စွာရရှိနိုင်ရန်အတွက်လည်း ဆေးပင်များကိုအဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့်လည်း COVID-19 ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် ဆောင်ရွက်မှုများရှိပြီး လက်ရှိတိုင်းရင်းဆေးခန်းသုံး ဆေးအဖုံများကိုအသုံးပြုကာ ရောဂါကုသရေးတွင် စနစ်တကျစမ်းသပ်အသုံးပြုရန် စီစဉ်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၅၄၉၀ ဦးနှင့် ပိုးတွေ့ရှိသူ ၄၀၂၆၄၀ အထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။