ရခိုင်သို့ ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ၂ သောင်းကျော် ထပ်မံရောက်ရှိ

တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ၂ သောင်းကျော် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၇ ရက်နေ့က ထပ်မံရောက်ရှိလာကြောင်း ပြည်နယ်ကျန်းမာဦးစီးဌာနထံမှ သိရသည်။

09 Nov 2021

DMG ၊ နိုဝင်ဘာ ၉

တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ၂ သောင်းကျော် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၇ ရက်နေ့က ထပ်မံရောက်ရှိလာကြောင်း ပြည်နယ်ကျန်းမာဦးစီးဌာနထံမှ သိရသည်။

အဆိုပါကာကွယ်ဆေးများကို ရခိုင်ပြည်နယ်အတွင်းက ကျောင်းသူ၊ ကျောင်းသားများ၊ ပြည်သူများကို ဒုတိယအကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“ပထမတစ်ကြိမ်ထိုးထားတဲ့သူတွေကို ဒုတိယအကြိမ် ထပ်မံထိုးပေးဦးမယ်။ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ ဆေးထိုးပေးမှာပါ။ မြို့နယ်အလိုက် ကာကွယ်ဆေးခွဲဝေပေးရမယ့် စာရင်းတော့ ရှိတယ်။ လတ်တလောမှာတော့ အစည်းအဝေးလုပ်နေလို့ပါ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူ ၁၉ သိန်းခန့်ရှိသည့်အထဲမှ လူဦးရေငါးသိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုငါးရာခိုင်နှုန်းအောက် ကျဆင်းလာသောကြောင့် ဂွမြို့နယ်မှအပ ကျန်မြို့နယ်များတွင် အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့က ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာ ၅၁၁၉ ဦးရှိခဲ့ပြီး ၄၉၃ ဦးမှာသေဆုံးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ နိုဝင်ဘာ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ သိရသည်။