တောင်ကုတ် တန်းလွဲရွာမမြို့ ဗုံးကြဲခံရ၊ အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရ

တန်းလွဲရာမမြို့တွင် တောင်ကုတ်မြို့မှ ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံနေသူ ရာနှင့်ချီရှိနေသည်။ ရွာမမြို့ကို လေကြောင်းဗုံးကြမှု ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက် သေဆုံးမှုမှာလည်း အများအပြားရှိလာနေသည်။ 

By Admin 08 Oct 2024

လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် တန်းလွဲရွာမ ဒေသခံများ။ (ဓာတ်ပုံ - APM)
လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် တန်းလွဲရွာမ ဒေသခံများ။ (ဓာတ်ပုံ - APM)

DMG ၊ အောက်တိုဘာ ၈

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အောက်တိုဘာ ၇ ရက် ညဉ့်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် ကလေးအပါအဝင် ဒေသခံ ၁၆ ဦးထက်မနည်းသေဆုံးပြီး၊ ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု သိရသည်။ 

တန်းလွဲရွာမမြို့ အမှတ် (၄) ရပ်ကွက်ကို Y-12 ဖြင့် ဗုံးသုံးလုံးကြဲချခဲ့သဖြင့် အရပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။ 

“အခုအထိ အလောင်းရှာမရသေးတာတွေ ရှိတယ်။ ဘယ်နှစ်ယောက် ပျောက်နေလဲဆိုတာကို မသိရသေးဘူး။ သေဆုံးတာက ဆယ့်ခြောက်ယောက်ထက်မနည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ အသက် (၆) နှစ်အရွယ် မောင်စွမ်းဆက်နိုင်၊ ဦးကျော်မြသန်း (၇၀) နှစ်၊ ဦးမောင်ကြီး (၄၀)နှစ်၊ ဦးခင်မောင်ဇင် (၆၁) နှစ်၊ ဒေါ်ရွှေလာ (၅၇)၊ ဒေါ်မချစ်စု (၄၆) ဦးမောင်မြင့်လွင် (၅၆) နှစ်၊ ဦးဆန်းဇော်ဌေး (၃၄)၊ ဒေါ်ခင်ဌေးမြင့် (၄၂) နှစ်၊ ဒေါ်ခင်ဆန်း (၅၂) ဦးခင်မောင်ရီ (၄၈) နှစ်၊ ဦးအောင်ကျော်စိန် (၆၉)၊ ဒေါ်မတင်ရီ (၆၁) နှင့် အခြားအမည်မသိရသေးသူ ၃ ဦးထက်မနည်း ပါဝင်သည်။ 

ဒဏ်ရာရရှိသူများမှာ ဦးသန့်လွင် (၆၃)နှစ်၊ ဒေါ်ရွှေခဲ (၅၀)နှစ်၊ ဒေါ်ခင်မိုးလွင် (၅၁)နှစ်၊ ဦးသောင်းဝေ (၇၃)နှစ်နှင့် ဒေါ်မိုးစိန် (၇၅)နှစ်၊ ကိုအောင်မင်း (၂၆) နှစ်တို့ဖြစ်သည်။ ဒဏ်ရာရာပြင်းထန်သူများကို နီးစပ်ရာတွင် ဆေးကုသပေးနေပြီး ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်သည်။ 

“ဒီရက်ပိုင်းမှာ တောင်ကုတ်မြို့နယ်က ရွာတွေကို ပတ်ပြီး ဗုံးကြဲနေတယ်။ အခုဆိုရင် တန်းလွဲကလူတွေ ထပ်ပြီး ဗုံးလာကြဲမှာကိုကြောက်လို့ ပုန်းတဲ့သူပုန်းနေကြပြီ။ တချို့ဆိုရင် မြို့ထဲမှာ မလုံခြုံလို့ မြို့ပြင်ဘက်ကို ရှောင်ကြတယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

တန်းလွဲရာမမြို့တွင် တောင်ကုတ်မြို့မှ ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံနေသူ ရာနှင့်ချီရှိနေသည်။ ရွာမမြို့ကို လေကြောင်းဗုံးကြမှု ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက် သေဆုံးမှုမှာလည်း အများအပြားရှိလာနေသည်။  

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်ကလည်း တန်းလွဲရွာမမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၅၀ ထက်မနည်း သေဆုံးဒဏ်ရာရရှိမှု ရှိနေသည်။