- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲမြို့ပေါ်ရပ်ကွက်တချို့တွင် ချောင်းရေဝင်ရောက်၍ ဒေသခံများ ရေကြီးမည်ကိုစိုးရိမ်
မကြာသေးမီရက်ပိုင်းက ရေကြီးမှုဒဏ်ကိုခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်တချို့၌ ချောင်းရေဝင်ရောက်လာမှုကြောင့် ရေကြီးမှုထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
01 Aug 2021
DMG ၊ ဩဂုတ် ၁
မကြာသေးမီရက်ပိုင်းက ရေကြီးမှုဒဏ်ကိုခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်တချို့၌ ချောင်းရေဝင်ရောက်လာမှုကြောင့် ရေကြီးမှုထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဇူလိုင်လ ၂၇ ရက်နေ့က သံတွဲမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီးရေကြီးမှုဖြစ်ကာ နေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ရသလို ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများနှင့်
ကြုံတွေ့ခဲ့ကြရသည်။
ယခုတစ်ခါလည်း ရပ်ကွက်အချို့သို့ ရေဝင်ရောက်လာခြင်းကြောင့် ရေကြီးမှုထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း သံတွဲဒေသခံ ဦးသောင်းထွန်းက ပြောသည်။
"အခုတော့ ရပ်ကွက်အချို့ကို ချောင်းရေဝင်ရောက်မှုတွေ ရှိနေတယ်။ ပထမအကြိမ်တုန်းက ဖြစ်တဲ့ဟာကို ပြန်ရပ်တည်ဖို့ အစပျိုးနေတုန်းဘဲရှိနေသေးတယ်။ သဘာဝတရားကြီးက ဖြစ်လာတာဆိုတော့လဲ စိုးရိမ်ရုံကလွဲပြီးဘာမှမတတ်နိုင်ဘူး။ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ထားတယ်။ နောက်တစ်ကြိမ် ထပ်ပြီးရေကြီးမှာကိုစိုးရိမ်တယ်" ဟု ပြောသည်။
ပထမအကြိမ် သံတွဲမြို့နယ်အတွင်း ရေကြီးမှုဖြစ်ပွားခဲ့စဉ်က ကြိုတင်ပြင်ဆင်မှုမရှိခဲ့သဖြင့် ဒေသခံအများစုမှာ ဆုံးရှှုံးမှုများစွာ ဖြစ်ခဲ့ကြရသည်။
ယခုအကြိမ် ရေကြီးမှုဖြစ်လာလျှင် ယခင်ကဲ့သို့ ဆုံးရှုံးမှုမရှိစေရန်အတွက် လိုအပ်သည့်ပစ္စည်းများနှင့် လှေများကို အဆင်သင့်ပြင်ဆင်ထားသည်ဟု သံတွဲမြို့ လူမှုကူညီရေးလုပ်ငန်းလုပ်ဆောင်နေသည့် ဆရာတော် ဦးတေဇိန္ဒကမိန့်သည်။
"အရင်တခါက အခုလိုရေအရမ်းကြီးမယ်ဆိုတာကို မမျှော်လင့်ထားတော့ ဆုံးရှုံးမှုတွေရှိခဲ့တယ်။ အခုတစ်ကြိမ်မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်။ လှေတွေဘာတွေက
အကုန်လုံးစီစဉ်ထားတယ်" ဟု ဆရာတော်ကမိန့်သည်။
သံတွဲမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြင်ဆင်ထားကြောင်း သံတွဲခရိုင် ကောင်စီဥက္ကဌ ဦးစိုးမြင့်က ပြောသည်။
"ပထမတစ်ချက်က ရပ်ကွက်သူရပ်ကွက်သားတွေ ကြိုတင်ပြင်ဆင်မှုတွေလဲ ရှိနေကြတယ်။ ဒုတိယတစ်ချက်က သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေအနေနဲ့လဲ လိုအပ်သည်များကို ကူညီဖို့ အခြေအနေတွေလုပ်နေတယ်။ တတိယတစ်ချက်က အောက်ဆီဂျင် စက်ရုံလုံခြုံမှုနဲ့ ပြန်လည်လည်ပတ်မှုတွေကိုလဲ လုပ်ဆောင်နေတယ်" ဟု ဆိုသည်။
ဇူလိုင် ၂၇ ရက်နေ့ ရေကြီးခဲ့စဉ်က သံတွဲမြို့နယ်အတွင်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၇၀၀ ကျော် ရေလွှမ်းမိုးမှုခံခဲ့ရကာ လူဦးရေ ၃၀၀၀ ကျော် ဒုက္ခရောက်ခဲ့ရကြောင်း ပြည်နယ်ကောင်စီ၏ စာရင်းအရသိရသည်။
ယခုရက်ပိုင်းတွင်လည်း သံတွဲမြို့နယ်အတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း သိရှိထားရပြီး လက်ရှိမှာ စိုးရိမ်ရေမှတ်သို့ မရောက်ရှိသေးကြောင်း ဦးစိုးမြင့်က ပြောသည်။