- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီက ရေလမ်းကြောင်းပိတ်ထားမှုကြောင့် ပလက်ဝတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
ပလက်ဝမြို့နယ်၏ တစ်ခုတည်းသော ကုန်စည်စီးဆင်းမှုလမ်းကြောင်းဖြစ်သည့် ပလက်ဝ-ကျောက်တော်ရေကြောင်းလမ်းကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထားသည်မှာ ၂ ပတ်ကျော်အထိ ကြာမြင့်လာနေ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လျှက်ရှိကြောင်း သိရသည်။
18 Aug 2022
DMG ၊ သြဂုတ် ၁၈
ပလက်ဝမြို့နယ်၏ တစ်ခုတည်းသော ကုန်စည်စီးဆင်းမှုလမ်းကြောင်းဖြစ်သည့် ပလက်ဝ-ကျောက်တော်ရေကြောင်းလမ်းကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထားသည်မှာ ၂ ပတ်ကျော်အထိ ကြာမြင့်လာနေ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လျှက်ရှိကြောင်း သိရသည်။
လက်ရှိ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ၁ သိန်းကျပ်၊ စားသုံးဆီတစ်လီတာလျှင် ၇၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿလျှင် ၇၀၀၀ ကျပ်နှင့် ကြက်ဥသုံးဥလျှင် ၂ ထောင်ကျပ်အထိ ဈေးမြင့်တက်လျှက်ရှိနေကြောင်း ပလက်ဝမြို့ခံများကပြောသည်။
"စားသောက်ကုန်ဈေးနှုန်းက သာမန်လူတန်းစားတွေအတွက် အရမ်းရင်လေးစရာဖြစ်နေပြီ။ ဆန်ညံ့အမျိုးအစားဆိုရင် ပလက်ဝမြို့မှာ လုံးဝကိုရှာမရတော့ဘူး။ ပေါ်ဆန်းမွှေးဆန်ကိုတောင် ထုတ်မရောင်းကြတော့ဘူး။ သိပ်ရင်းနှီးသူတွေမှပဲ ဝယ်လို့ရတဲ့အနေအထားမျိုး။ အခုကျနော်တို့အနေအထားက ဘယ်လိုဖြစ်နေလဲဆိုရင် ကိုယ့်လက်ထဲမှာ ပိုက်ဆံရှိရင်တောင် အများကြီးဝယ်ထားလို့မရဘူး"ဟု ပလက်ဝမြို့ဒေသခံ ကိုမောင်ကျော်လှကပြောသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာလည်း တစ်လီတာကို ငွေကျပ်နှစ်သောင်းကျော်အထိ ဈေးတက်နေသောကြောင့် အလုပ်ရပ်နားထားရသည်ဟု ပလက်ဝမြို့မှ သုံးဘီးမောင်းသည့် ကိုဆန်းသက်ဦးကပြောသည်။
"ဆီဈေးတွေကလည်း အရမ်းတက်နေတယ်။ မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ သွားလာနေရင် လူတွေက သိပ်မထွက်ရဲကြဘူး။ လူတွေအသွားအလာနည်းတော့ ပိုက်ဆံလည်း အရနည်းလာတယ်။ ကုန်ဈေးနှုန်းတွေ ဒီလောက်တက်နေတဲ့ကြားထဲ အလုပ်ကလည်းအဆင်မပြေတော့ မိသားစုစားဝတ်နေရေး အခက်အခဲတွေရှိလာတာပေါ့"ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ရောင်းအားကျဆင်းသွားသလို ဆိုင်မှကုန်ပစ္စည်းများမှာလည်း မကြာမီပြတ်လပ်တော့မည်ဟု ပလက်ဝမြို့မှ ဈေးဆိုင်ရောင်းသည့် ဒေါ်တင်တင်ချိုကဆိုသည်။
"ဈေးတက်သွားကတည်းက ဆိုင်ရောင်းအားတွေကျသွားတယ်။ တော်ရုံလူတွေဆို ဝယ်မစားနိုင်တော့ဘူးပေါ့။ ပိုက်ဆံရှိတဲ့သူတွေကတော့ တခါလာဝယ်ရင် အများကြီးလာဝယ်ကြတယ်။ ဒါပေမဲ့လည်း ကျမတို့မှာ လူတစ်ယောက်တည်းကိုပဲ ပုံရောင်းပစ်လိုက်လို့မရတော့ ဈေးဝယ်သူတွေကို ခွဲဝေပြီးရောင်းပေးရတယ်။ ပစ္စည်းတွေကလည်း သိပ်မကျန်တော့ပါဘူး။ နောက်အပတ်လောက်ဆို ပစ္စည်းကုန်ပြီ"ဟု ၎င်းကပြောသည်။
အကယ်၍ စစ်ကောင်စီအနေဖြင့် ရေလမ်းကြောင်းအား ဆက်လက်ပိတ်ထားမည်ဆိုပါက မြို့ထဲ၌ ရိက္ခာများပြတ်လပ်ကာ ငတ်ပြတ်မှုဒဏ်ခံလာရနိုင်ပြီး ငတ်ပြတ်မှုနှင့်အတူ ခိုးမှု၊လုယက်မှုများလည်း ပေါ်ပေါက်လာနိုင်သည့်အတွက် ရေလမ်းခရီးအား အမြန်ဆုံးပြန်ဖွင့်ပေးရန် ပလက်ဝဒေသခံများကတောင်းဆိုကြသည်။
ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား နှစ်ဖက်စစ်ရေပြင်းထန်မှုများ ရှိလာနေသည့်အတွက် စစ်ကောင်စီက ရေလမ်းခရီးသွားလာခွင့်ကို သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ ပိတ်ပင်ထားခြင်းဖြစ်သည်။