ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုထက်အောင်ကို အကြမ်းဖက်ဥပဖြေင့် ထောင်ဒဏ်လေးနှစ်ချမှတ်

ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုထက်အောင်ကို ယနေ့(မတ်လ ၁ ရက်)တွင် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

01 Mar 2022

Photo Credit - ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ

DMG ၊ မတ် ၁

ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုထက်အောင်ကို ယနေ့(မတ်လ ၁ ရက်)တွင် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်လှုပ်ရှားမှုကြောင့် ပြည်တက္ကသိုလ်မှ ဘူမိဗေဒတတိယနှစ်ကျောင်းသား ကိုထက်အောင် ကို ၂၀၂၁ ခုနှစ် (စက်တင်ဘာလ ၆ ရက်)တွင် ၎င်းတိမ်းရှောင်နေသည့် ပေါင်းတည်မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရပြီး ၇ လအကြာတွင် ပေါင်းတည်မြို့နယ်တရားရုံးမှ ကိုထက်အောင်အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(ဃ)ဖြင့် ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ကြောင်း ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးမှ DMG ကိုပြောသည်။

"ကိုထက်အောင်ကို ဒီနေ့မနက်မှာ ထောင်ဒဏ်(၄)နှစ်ချမှတ်ခံရပါတယ်။ သူ့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ကောင်းစီက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်"ဟု ပြောသည်။

ကိုထက်အောင်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ရခိုင်ပြည်အတွင်း တိုက်ပွဲများရပ်တန့်ပေးရန် တောင်းဆိုမှုကြောင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။

ထိုသို့နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် ကျောင်းသားလူငယ်များကို ထောင်သွင်းအကျဉ်းချမှုသည် စစ်အာဏာရှင်စနစ်၏လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ဖမ်းဆီးခံရသူများအပေါ် ဖိနှိပ်မည်ကိုစိုးရိမ်ကြောင်း နိုင်ငံရေးလေ့လာသူ ကိုရဲမှသုံးသပ်သည်။

"တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံရေးလှုပ်ရှားတဲ့အတွက် စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်တိုင်းမှာ ဖမ်းဆီးထောင်ချတာက ပုံမှန်ဖြစ်စဉ်ဖြစ်နေတယ်။ ဒါပေမဲ့ အခုဆိုရင် အကျဉ်းထောင်အသီးသီးမှာ ဆန္ဒပြတာသပိတ်မှောက်တာတွေရှိလာတယ်။ အဲဒီအတွက် ကျောင်းသားတွေကိုဖိနှိပ်လုပ်ဆောင်လာမှာကိုတော့ စိုးရိမ်စရာဖြစ်နေပါတယ်"ဟု ၎င်းမှသုံးသပ်သည်။

ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၂၀ ကျော်မှာ စစ်အာဏာသိမ်းမှုအပေါ်ဆန့်ကျင်လှုပ်ရှားမှုကြောင့် စစ်ကောင်စီမှ နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်မှုများရှိခဲ့သည်။