သံတွဲမြို့နယ်တွင် ကျပ်သန်းပေါင်း ၆၀၀ ခန့်ကုန်ကျမည့် လျှိုပိတ်ဆည်တစ်ခု တည်ဆောက်နေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂွေးချောင်းကျေးရွာအုပ်စုတွင် လျှိုပိတ်ဆည်တစ်ခုကိုတည်ဆောက်နေကြောင်း သံတွဲမြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

By DMG 08 Jan 2022

DMG ၊ ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂွေးချောင်းကျေးရွာအုပ်စုတွင် လျှိုပိတ်ဆည်တစ်ခုကိုတည်ဆောက်နေကြောင်း သံတွဲမြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

အဆိုပါလျှိုပိတ်ဆည်ကို ဂွေးချောင်းကျေးရွာအုပ်စုရှိ ရေစင်ရွာအနီးတွင် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်းပေါင်း ၆၀၀ အကုန်အကျခံကာတည်ဆောက်နေခြင်းဖြစ်သည်ဟု သံတွဲမြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးဦးက DMG သို့ပြောသည်။

ရေစင်လျှိုပိတ်ဆည်ဟု အမည်ပေးထားသော ၎င်းဆည်တည်ဆောက်ပြီးစီးပါက ရေစင်ရွာ၊ နတ်တောင်မော်ရွာ၊ ချောင်းဝ၊ အလယ်ရွာတိုမှ လူဦးရေ ၈၀၀၀ ကျော်အတွက် သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ဒါပြီးသွားရင် အဲ့ဒီအနားမှာရှိတဲ့ရွာတွေက လူဦးရေရှထာင်ကျော်လောက်က သောက်သုံးရေအသန့်ကိုရရှိမှာပါ။ မဟုတ်ရင် အဲ့ဒီကလူတွေက နွေရာသီရောက်တိုင်း ရေပြတ်တဲ့ပြဿနာကိုရင်ဆိုင်နေရတာပါ”ဟု ဦးအောင်မျိုးဦးကပြောသည်။

ရေစင်လျှိုပိတ်ဆည်၏ဧရိယာမှာ ၀ ဒဿမ ၁ စတုရန်းမိုင်ကျယ်ဝန်းကာ ရေဂါလံ ၄၈ သန်းဆံ့မည်ဖြစ်သည်။ ၎င်းဆည်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ ယခု ၂၀၂၂ ခုနှစ် မတ်လအကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သံတွဲမြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

“ဒီဆည်ကို အခုလာမယ့်သုံးလပိုင်းမှာ အပြီးသတ်ဆောက်မယ်ဆိုပေမယ့် ရေတော့မရနိုင်သေးဘူး။ ရေပိုက်သွယ်ဖို့ကျတော့ နောက်နှစ်ဘက်ဂျက်ကျမှ ကျေးလက်ဖွံ့ဖြိုးရေးကနေ ရေပိုက်သွယ်ပါလိမ့်မယ်”ဟု ဦးအောင်မျိုးဦးက ဆိုသည်။

လက်ရှိဆည်ဧရိယာတွင် မြေယာပါဝင်သွားသူများကို မြေယာလျှော်ကြေးငွေပေးနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်နေကာ အစိုးရမှသတ်မှတ်နှုန်းထားအတိုင်း ပေးချေသွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးက ဆက်ပြောသည်။

ဆည်တည်ဆောက်မည့်ဧရိယာတွင် ရေစင်ကျေးရွာမှ ဒေသခံ ၄ ဦးပိုင်ဆိုင်သည့်မြေယာများနှင့် ငပလီမြို့မှ ဦးနိုင်ကြွေအေးပိုင်ဆိုင်သည့် မြေယာများလည်းပါဝင်နေကြောင်း သိရသည်။

လက်ရှိတွင် မြေယာလျှော်ကြေးငွေနှင့်ပတ်သက်၍ တိတိကျကျ ပြောဆိုခြင်းမရှိသေးကြောင်း ဆည်တည်ဆောက်ရာတွင် မြေနေရာပါဝင်သွားသည့် ဦးတင်ရီကဆိုသည်။

“အခုအနေအထားမှာက သူတို့က မြေတစ်ဧကကိုဘယ်လောက်ပေးမယ်။ သီးနှံလျှော်ကြေးကို ဘယ်လောက်ပေးမယ်ဆိုပြီးတော့ ပီပီပြင်ပြင်မပြောသေးဘူး။ ပထမတောင် သူတွေကိုလာပြီးအသိပေးတုန်းကတော့ အစိုးရဈေးနှုန်းပုံစံကို ပြောပြတာတော့ရှိတယ်”ဟု ၎င်းကဆိုသည်။

ပြည်သူများ၏လိုအပ်ချက်အရ ယခုကဲ့သို့ဆည်ဆောက်ပေးခြင်းမှာ ကောင်းမွန်သော်လည်း မြေယာလျှော်ကြေးငွေကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိဟုဆိုကာ ဒေသခံများမှဝေဖန်မှုများ ရှိနေကြသည်။

ဆည်ဧရိယာတွင် မြေယာပါဝင်သွားသူ ဦးခင်မောင်ထွေးကလည်း “မြေယာတွေရဲ့လျှော်ကြေးနဲ့ပတ်သက်ပြီး ဘာမှလည်းမသိရသလို အဲဒီမြေယာတွေမှာပါဝင်သွားတဲ့ သီးနှံတွေရဲ့လျှော်ကြေးငွေတွေနဲ့ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း ဘာမှ မသိရဘူး”ဟု ပြောသည်။

ဂွေးချောင်းကျေးရွာအုပ်စုမှာ သံတွဲမြို့၏မြောက်ဘက် ရှစ်မိုင်အကွာတွင်တည်ရှိပြီး နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးသည့်အတွက် သံတွဲမြို့ကရေအလှူရှင်များက သွားရောက်ကူညီရလေ့ရှိကြောင်း သိရသည်။