လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလင်းမြို့နယ် လေးကေကျေးရွာမှ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ လေးကေကျေးရွာသို့ မြန်မာစစ်တပ်မှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်(၁၀)လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

02 May 2022

Photo Credit - Internet

DMG ၊ မေ ၂

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ လေးကေကျေးရွာသို့ မြန်မာစစ်တပ်မှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်(၁၀)လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

KNLA ပူးပေါင်းအဖွဲ့များရှိသည့် စခန်းများဟုယူဆပြီး လေးကေကျေးရွာအတွင်းသို့ ယမန်နေ့(မေလ ၁ ရက်)နံနက်ပိုင်းတွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကျေးရွာသားတစ်ဦးမှ ပြောသည်။

"စစ်တပ်က လေယာဉ်ပျံနဲ့ နှစ်ကြိမ်ဝဲပြီးဗုံးကြဲခဲ့တာပါ။ KNLA တို့ရှိမယ်အထင်နဲ့ ရွာထဲကိုပစ်ခတ်သွားတာ"ဟု ၎င်းကဆိုသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းမှ နေအိမ်(၁၀)လုံးကျော် မီးလောင်ကျွမ်းခဲ့ကာ ဒေသခံ ၁၀၀၀ ကျော်မှာလည်း နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင်အကူအညီပေးရေးအဖွဲ့ထံမှ သိရသည်။

စစ်ဘေးရှောင်များကိုကူညီပေးရာတွင် ပါဝင်လုပ်ကိုင်နေသူတစ်ဦးမှ "လေယာဉ်နဲ့ဗုံးကြဲခံရတဲ့အတွက် နေအိမ် ၁၀ လုံးက လုံးဝမီးလောင်ကျွမ်းသွားတယ်။ အခြားအိမ်တွေက ပျက်စီးတာတွေများတယ်။ စစ်ဘေးရှောင်ရတဲ့ သူတွေက အခုအစားအသောက်တွေ၊ အဝတ်အစားတွေကအစ ခက်ခဲနေကြရတယ်။ အဲဒါတွေကို ရနိုင်သလောက် ကူညီထောက်ပံ့ပေးဖို့ကြိုးစားနေပါတယ်"ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်မှ တစ်စုံတစ်ရာပြောဆိုထားသည်ကို မတွေ့ရသေးပေ။

ဘီးလင်းမြို့နယ်ရှိ မြန်မာစစ်တပ်၏တပ်စခန်းဖြစ်သည့် ဝင်းတာပန်နှင့် လေးကေစခန်းတို့ကို ဧပြီလ(၂၃)ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်တပ်ဆုတ်ထွက်ခွာရန် KNDO အဖွဲ့မှ အသိပေးစာထုတ်ပြန်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာကာ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ကေအန်ယူတပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီလင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀၀ ကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ကရင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။