နေအိမ်ဖယ်ရှားခံရသည့် ကျူးကျော်နေထိုင်သူများကို ပုဂ္ဂလိကအလှူရှင်များမှ ကူညီထောက်ပံ့

စစ်တွေမြို့ အာဂျိတ်တော်ကုန်းနှင့် မီးရထားလမ်းတစ်ဝိုက်မှ နေအိမ်ဖယ်ရှားခံရသည့် ကျူးကျော်နေထိုင်သူများကို ပုဂ္ဂလိကအလှူရှင်များက မတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြသည်။

15 Mar 2022

DMG ၊ မတ် ၁၅

စစ်တွေမြို့ အာဂျိတ်တော်ကုန်းနှင့် မီးရထားလမ်းတစ်ဝိုက်မှ နေအိမ်ဖယ်ရှားခံရသည့် ကျူးကျော်နေထိုင်သူများကို ပုဂ္ဂလိကအလှူရှင်များက မတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြသည်။

ကူညီထောက်ပံ့ရာတွင် ဆန်အိတ် ၂၀ အိတ်၊ ဆီ ၃၆ လီတာ၊ ကြက်ဥ ၆၀၀ လုံး၊ ဆား၊ လဖက်ရည်ထုပ်နှင့် ဓာတ်ဆားထုပ်များကို လှူဒါန်းခဲ့သည်ဟု ဦးဆောင်ကူညီဆောင်ရွက်နေသူ ကိုညီခိုင်သွီးကပြောသည်။

"ဒီကလူတွေက နေအိမ်အဖျက်ခံရပြီး စားရေးသောက်ရေးအဆင်မပြေဘူးလို့ ကြားသိရတဲ့အတွက် ကျနော့်ရဲ့အသိမိတ်ဆွေတွေနဲ့ ကျနော်တို့ကျောင်းသားတွေရဲ့အကူအညီနဲ့ သူတို့ကို အခုလိုကူညီဖြစ်တာပါ"ဟု ကိုညီခိုင်သွီးကပြောသည်။

စစ်တွေမြို့ စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ်ဘူတာအကြားရှိ မီးရထားဧရိယာအတွင်းနေထိုင်သူများကို မတ်လ ၉ ရက်နေ့ကစတင်ဖယ်ရှားခဲ့ပြီး အာဂျိတ်တော်ကုန်ရှိ ကျူးကျော်နေထိုင်သူများကို မတ်လ ၁၀ ရက်နေ့တွင် ထပ်မံဖယ်ရှားခဲ့သည်။

ထိုသို့ဖယ်ရှားခံရမှုကြောင့် အဆိုပါနေရာများတွင်နေထိုင်ခဲ့သည့် လူဦးရေ ၃၀၀ ကျော်မှာ နေရာထိုင်ခင်းအခက်အခဲနှင့် အစားအသောက်များ အခက်အခဲဖြစ်ပေါ်လျက်ရှိကြသည်။