မာန်အောင်တွင် စက်သုံးဆီတစ်ဂါလံ တစ်သောင်းကျပ်အထိ ဈေးမြင့်တက်နေ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်
ကာ စက်သုံးဆီတစ်ဂါလံကို တစ်သောင်းကျပ်ဖြင့် ရောင်းချနေရကြောင်း ဆီရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

29 Sep 2021

DMG ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်
ကာ စက်သုံးဆီတစ်ဂါလံကို တစ်သောင်းကျပ်ဖြင့် ရောင်းချနေရကြောင်း ဆီရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

ယခင်က စက်သုံးဆီတစ်ပေပါကို သုံးသိန်းဝန်းကျင်ရှိရာမှ ယနေ့ နံနက်ပိုင်းတွင် လေးသိန်းကျော်အထိ ဈေးမြင့်တက်သွားခြင်းကြောင့် စက်သုံးဆီတစ်ဂါလံကို တစ်သောင်းကျပ်အထိ ဈေးမြင့်တက်သွားခြင်းဖြစ်ကြောင်း မာန်အောင်မြို့နယ်မှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးညီကြီးက DMG သို့ပြောသည်။

"အရင်က ဆီတစ်ပေပါကို သုံးသိန်းအောက်မှာဘဲရှိတယ်။ ဒီနေ့မှ ဆီတစ်ပေပါကို ၄၅၀၀၀၀ အထိဖြစ်သွားတယ်။ အဲဒီတော့ တစ်ဂါလံကို တင်ခ၊ ချခနဲ့ တစ်သောင်းလောက်ကိုက်သွားကြတယ်။ ဒီမှာက တစ်မြို့နယ်လုံးက ဆီဆိုင်တွေအကုန်လုံး တစ်သောင်းဖြစ်နေကြပြီ။ အဲဒါကြောင့် တစ်သောင်းရောင်းနေတာဖြစ်တယ်"ဟု ၎င်းကပြောသည်။

ဆီဈေးမြင့်တက်သည်နှင့်အမျှ ဝယ်ယူရေးအပိုင်းတွင်လည်း အခက်အခဲရှိနေခြင်းကြောင့် စက်သုံးဆီဈေးမှာ ယခုထက်မြင့်တက်လာနိုင်ကြောင်းလည်း ဆီရောင်းဝယ်ရေးလုပ်ကိုင်သူများက ပြောဆိုကြသည်။

တောင်ကုတ်မြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းအထိ အောက်တိန်းတစ်လီတာကို ၁၅၇၀ ကျပ်၊ နိုင်းတီဖိုက်တစ်လီတာကို ၁၆၃၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၅၅၅ ကျပ်ဖြင့် ရောင်းချပေးနေပြီး ယမန်နေ့ထက် ဈေးအနည်းငယ်မြင့်တက်သွားကြောင်း တောင်ကုတ်မြို့ DENKO ဆီဆိုင်မှ မပြုံးကပြောသည်။

"ဆီဈေးကတော့ တက်နေတယ်။ အတက်အကျများနေတော့ ပြောဖို့ အခက်အခဲရှိတယ်" ဟု ၎င်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းကာ ပြည်သူများဈေးနှုန်းသက်သာစွာ စက်သုံးဆီဝယ်ယူနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ သတ်မှတ်စက်သုံးဆီဈေးနှုန်းအတိုင်း ရခိုင်ပြည်မှ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ စစ်တွေမြို့နယ်တို့ရှိ "ကျော်ဇံ"စက်သုံးဆီဆိုင်များတွင်လည်းကောင်း၊ လင်းမူတောင်ဆိုင်တွင်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်ပြီး စက်သုံးဆီတစ်လီတာဈေးနှုန်းကို ငွေကျပ် ၁၂၀၀ ဝန်းကျင် သတ်မှတ်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။