စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကျောက်ဖြူ ရှောက်ချောင်းရွာသားများ ထွက်ပြေး 

ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းမှာ ကျေးရွာအတွင်း ဝင်ရောက်လာသဖြင့် ကြောက်လန့်ထွက်ပြေးကြရာ သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

By Admin 17 Aug 2024

 ၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ 
 ၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ 

DMG ၊ ဩဂုတ် ၁၇ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာကို ယနေ့(ဩဂုတ် ၁၇) နံနက်ပိုင်းအချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ 

ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းမှာ ကျေးရွာအတွင်း ဝင်ရောက်လာသဖြင့် ကြောက်လန့်ထွက်ပြေးကြရာ သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။  

“သူတို့က ရွာကိုဝင်လာတော့ လူတွေက ကြောက်ပြီး ထွက်ပြေးကြတာ။ အဲဒါကို သေနတ်ခြောက်ချက်လောက် ပစ်ဖောက်ပြီးတော့ တားတယ်။ ထွက်မပြေးဘဲ ကျန်ခဲ့တဲ့လူတွေကိုတော့ စာသင်ကျောင်းကိုခေါ်ပြီး AA တွေ ရွာကိုဝင်လား အဲလိုမျိုး စစ်ဆေးတာတွေလုပ်တယ်။ ပြီးတော့ ရွာသား နှစ်ယောက်ကိုလည်း ရေထဲကို ကန်ကျောက်ပြီး နှိပ်စက်သွားသေးတယ်” ဟု ရှောက်ချောင်းကျေးရွာသား တစ်ဦးက ပြောသည်။

ရေထဲကန်ကျောက်ခံရသူနှစ်ဦးမှာ ကိုမိုးမြင့်ထွန်းနှင့် ဦးအောင်လင်းနိုင်ဖြစ်ပြီး စစ်ကောင်စီ နှိပ်စက်မှုဒဏ်ကြောင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ 

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းမှ ထွက်သွားကြပြီဖြစ်သော်လည်း ဒေသခံတချို့မှာ နောက်ထပ်လာရောက်မည်ကို စိုးရိမ်၍ ရွာထဲသို့ မဝင်ရဲကြသေးကြောင်း ဆိုသည်။ 

“အမျိုးသားတချို့ကတော့ မလာသေးဘူး၊ တိမ်းရှောင်နေဆဲဖြစ်တယ်။ စစ်တပ်ကလာပြီဆိုရင် အဓိက အမျိုးသားတွေကိုပဲ မေးမြန်းတာတွေ စစ်ဆေးတာတွေလုပ်တော့ ရွာမှာရှိတဲ့ အမျိုးသားတွေက ဒါကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်” ဟု ရှောက်ချောင်းကျေးရွာသား နောက်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေ၍ ဒေသခံများမှာ လုံခြုံရေးကြောက်လန့်စွာဖြင့် နေထိုင်နေကြရသည်။ 

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်တို့ကြောင့် ကျောက်ဖြူမြို့နယ်က ကျေးရွာ ၃၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

ကျောက်ဖြူမြိုနယ်တွင် ဓညဝတီရေတပ်ဌာနချုပ်၊ (၅၄၂)၊ (၅၄၃) (၃၄) စစ်တပ်ရင်းနှင့် ရဲတပ်ရင်း (၃၂) တို့ရှိပြီး ၎င်းတို့ကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ဖြတ်တောက်ထားသည်။