သံတွဲမြို့နယ် ဂျိုင်သာကျေးရွာကိုပြောင်းရွှေ့ရန် စစ်တပ်ကဖိအားပေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကလပ်အုပ်စု ဂျိုင်သာကျေးရွာရှိနေအိမ်များကို ၁၅ ရက်အတွင်းမပြောင်းရွှေ့ပါက အင်အားသုံးဖြိုဖျက်ခံရမည်ဟု စစ်တပ်က လာရောက်ဖိအားပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

28 Apr 2022

DMG ၊ ဧပြီ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကလပ်အုပ်စု ဂျိုင်သာကျေးရွာရှိနေအိမ်များကို ၁၅ ရက်အတွင်းမပြောင်းရွှေ့ပါက အင်အားသုံးဖြိုဖျက်ခံရမည်ဟု စစ်တပ်က လာရောက်ဖိအားပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

ယခုဧပြီ ၂၆ ရက်နေ့မှစတင်ကာ ၁၅ ရက်အတွင်း ဂျိုင်သာကျေးရွာကိုပြောင်းရွှေ့ပေးရန် စစ်တပ်ကလာရောက်ပြောဆိုခဲ့ပြီး ထိုသို့လာရောက်စဉ် လက်နက်ကိုင်ဆောင်ထားသည့်စစ်သားများလည်း ပါဝင်သည်ဟု ဒေသခံများကဆိုသည်။

လက်ရှိနေရာမှ ပြောင်းရွှေ့ရမည်ဆိုပါက စားဝတ်နေရေးအခက်အခဲဖြစ်လာမည်ကို ရွာသားများကစိုးရိမ်နေကြကြောင်း ဂျိုင်သာကျေးရွာသားတစ်ဦးမှပြောသည်။

"သူတို့တွေ ကျနော်တို့ကိုပြောင်းခိုင်းတာ သုံးလေးကြိမ်ရှိနေပြီ။ ကျနော်တို့က ဒီနေရာမှာအသားကျနေပြီ။ ဒီကနေပြောင်းရမယ်ဆိုရင် ကျနော်တို့အတွက် အခက်အခဲများစွာရှိလာမှာသေချတယ်"ဟု ၎င်းကျေးရွာသားက ပြောသည်။

ဂျိုင်သာကျေးရွာကို စစ်တပ်ကပြောင်းရွှေ့ခိုင်းသည်မှာ ၂၀၁၈ ခုနှစ်ကတည်းကဖြစ်ကာ ယခုတစ်ကြိမ်တွင် သုံးကြိမ်မြောက် ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။

ဂျိုင်သာကျေးရွာတွင်နေထိုင်သူအများစုမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ကျေးရွာပြောင်းရွှေ့ရမည်ဆိုပါက လာမည့်မိုးရာသီတွင် အခက်အခဲများစွာကြုံတွေ့ရနိုင်ကြောင်း ကျေးရွာသားများကပြောသည်။

လက်ရှိဂျိုင်သာကျေးရွာတွင်နေထိုင်သူများကို ကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ အစိမ်းမတောင်ပေါ်တွင်နေရာချထားပေးရန် စစ်တပ်ကစီစဉ်ထားပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သိန်းခွဲစီထောက်ပံ့ရန်စီစဉ်ထားကြောင်း ကျောက်ကလပ်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်ကပြောသည်။

"သူတို့အတွက် ၂ မိုင်လောက်ဝေးတဲ့နေရာမှာ မြေနေရာတွေစီစဉ်ထားပေးသလို သောက်သုံးရေအတွက်ကိုလဲ တပ်ကစီစဉ်နေတယ်။ နောက်ပြီးတော့ အစိုးရအနေနဲ့ တစ်အိမ်ထောင်ကို ငွေကျပ် ၁၅၀၀၀၀ စီ ထောက်ပံပေးဖို့လုပ်ထားတယ်"ဟု ၎င်းကဆိုသည်။

ဂျိုင်သာကျေးရွာကို စစ်တပ်က မည်သည်အတွက်ကြောင့် ဖယ်ရှားခိုင်းသည်ကိုမသိရှိဟု အုပ်စုအုပ်ချုပ်ရေးမှူးကပြောသည်။

လက်ရှိဂျိုင်သာကျေးရွာကို ၁၉၇၆ ခုနှစ်က မြေနေရာများအားရှင်းလင်း၍ ကျေးရွာသားများနေထိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်အရောက်တွင် ရေတပ်ပိုင်မြေအဖြစ်သတ်မှတ်ခံရကာ ကျေးရွာအတွင်းနေထိုင်သူများမှာလည်း တစ်အိမ်လျှင်ငွေကျပ် ၅၀၀ စီဖြင့် တစ်နှစ်စာအခွန်ဆောင်၍ နေထိုင်ခဲ့ကြရကြောင်း သိရသည်။