- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တရားသူကြီးအပြောင်းအလဲရှိ၍ ကျောက်ဆိပ်ရွာသား ၅ ဦးအမှုကို စစ်ဆေးခြင်းမရှိခဲ့
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ယနေ့ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးအပြောင်းအလဲကြောင့် အမှုကိုစစ်ဆေးခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
08 Nov 2021
DMG ၊ နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ယနေ့ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးအပြောင်းအလဲကြောင့် အမှုကိုစစ်ဆေးခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အကြမ်းဖက်မှုဖြင့်တရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုကို ဆက်လက်စစ်ဆေးရန် နိုဝင်ဘာလ ၂၂ ရက်နေ့သို့ ရုံးချိန်းပေးလိုက်ကြောင်း ရှေ့နေထံမှသိရသည်။
“ဒီနေ့ရုံးချိန်းမှာ တရားသူကြီးကမေးတယ်။ တရားသူကြီးပြောင်းသွားတဲ့အတွက်ကြောင့် ဒီအမှုကို အစကနေပြန်စစ်မှာလား။ ရောက်နေတဲ့အဆင့်ကနေ ဆက်သွားမှာလားလို့မေးတယ်။ ကျွန်တော်တို့က ရောက်နေတဲ့အဆင့်ကဆက်သွားမယ်။ အဲလိုဆိုရင်တော့ ရှေ့နေက နောက်ရုံးချိန်းမှာတင်ရန်ဆိုပြီးတော့ ပြန်ချိန်းလိုက်တယ်”ဟု ဦးကျော်ညွှန့်မောင်ကပြောသည်။
ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ကျေးရွာသားများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား(၃၈)ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၃၃)ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်(၅)ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၅ ဦးကိုဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော်သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။
ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က)တို့ဖြင့် ပုဏ္ဏားကျွန်းမြို့ အမှတ် ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့်တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီလည်းဖြစ်သည်။
အဆိုပါအမှုမှာ ကျန်ရှိနေသည့်နောက်ဆုံးသက်သေတစ်ဦးကို ကော်မရှင်နာဖြင့်စစ်ဆေးရန်တင်ပြထားသည်မှာ ၆ လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း သက်ဆိုင်ရာခရိုင်တရားရုံးမှ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်။
“သက်သေတစ်ယောက်ကိုစစ်ဆေးဖို့အတွက် ခြောက်လာလောက်အချိန်ပေးပြီးစောင့်နေရတာက ကျွန်တော်တို့အမှုသည်တွေအတွက် တော်တော်လေးနစ်နာတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။
ဖမ်းဆီးခံထားရသူ ကိုမင်းစိုး၏မိခင် ဒေါ်စိန်ဝင်းက “ကျွန်မတို့ ရုံးချိန်းလည်းမလာချင်တော့ဘူး။ လွတ်လာမယ်လို့မျှော်နေတယ်။ ဒီနေ့ထိမလွတ်သေးဘူး။ အခုထိဘာကြောင့်မလွှတ်သေးတာလည်းမသိဘူး။ ကျွန်မတို့ လူပင်ပန်းစိတ်ပင်ပန်းနဲ့ စိတ်ဓာတ်တွေလည်းကျနေပြီ”ဟု ပြောသည်။
ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းပြီးနောက် ရခိုင်ကအကြမ်းဖက်မှုဖြင့် စွဲဆိုထားသည့်အမှုများကို စစ်ကောင်စီကရုပ်သိမ်းပေးမှုများရှိလာသော်လည်း လက္ကာနှင့် ကျောက်ဆိပ်ကျေးရွာသားများကဲ့သို့ ထင်ရှားသည့်အမှုများမှာ တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ ရုံးချိန်းရွှေ့ဆိုင်ခြင်းနှင့်သာ အမှုက ကြန့်ကြာနေရသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူထဲမှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုရုပ်သိမ်းလွှာတို့ကြောင့် လွတ်မြောက်လာသူ ယနေ့အချိန်ထိ ၉၆ ဦးရှိပြီဖြစ်သော်လည်း မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။