- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ)
မြန်မာစစ်တပ်သည် ဇွန်လ ၁၆ ရက်နေ့က စံပြရပ်ကွက်မှ အသက် ၃၀ အရွယ် ဦးဘလှိုင်၊ မြို့သစ်ရပ်ကွက်မှ အသက် ၆၁ နှစ်အရွယ် ဦးကျော်မင်း၊ အသက် ၃၀ ကျော် အရွယ် ဦးဝင်းမောင်သန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
23 Jun 2022
ဇွန် ၁၆
- မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ မူလတန်းကျောင်းအုပ် ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့နှစ်ဦးမှာ မိမိတို့တာဝန်ကျကျေးရွာမှ မောင်တောမြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် လမ်းခရီး၌ လက်နက်ကိုင်လူတစ်စု၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။
- ပျောက်ဆုံးနေသူများမှာ ကျောင်းအုပ်ကြီး ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်ပြီး မောင်တောမြို့သို့အသွား လမ်းခရီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
- ကျောက်ဖြူမြို့နယ်၊ ကန့်ကော်တောဘုရားအနီးတွင် တည်ဆောက်နေသော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို လာမည့် ၂၀၂၃ ခုနှစ်၊ မေလတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု ကျောက်ဖြူခရိုင်လျှပ်စစ်ဦးစီးဌာနမှ သိရသည်။
- နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်နှင့် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးပါက ကိုဗစ်ပိုးကူးစက်ခံရခြင်း ရှိ/မရှိကို စစ်ဆေးစရာမလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြင့်တင်ရေးဌာန(ခွဲ)မှ သိရသည်။
- ရခိုင်ပြည်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း (SEZ) ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံ လယ်သမားများ အခွင့်အရေး ရရှိရေးအတွက် ဟောပြောပွဲပြုလုပ်ရာတွင် ဦးဆောင်ခဲ့သူ ကျောက်ဖြူဒေသခံ ကိုထွန်းကြည်အား မြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ်မဖြင့် ငွေဒဏ် (၃၀၀၀၀) ကျပ်ကို ငွေဒဏ်အဖြစ် အမိန့် ချမှတ်ခဲ့သည်။
- ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇွန်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်က မြန်မာစစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- မြန်မာစစ်တပ်သည် ဇွန်လ ၁၆ ရက်နေ့က စံပြရပ်ကွက်မှ အသက် ၃၀ အရွယ် ဦးဘလှိုင်၊ မြို့သစ်ရပ်ကွက်မှ အသက် ၆၁ နှစ်အရွယ် ဦးကျော်မင်း၊ အသက် ၃၀ ကျော် အရွယ် ဦးဝင်းမောင်သန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဇွန် ၁၇
- ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ သာစည်ကုန်းကျေးရွာမှ ဇနီးမောင်နှံဖြစ်သည့် အသက်(၅၀) ကျော်အရွယ် ဦးအေးစိန်ထွန်းနှင့် အေးစိန်နုတို့ နှစ်ဦးမှာ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မိမိလယ်ကွင်းတွင် လယ်ထွန်းနေစဉ် ကန်းသင်းပေါ်တွင် မြှုပ်ထားခဲ့သည့် မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြသည်။
- ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၁၇၅၅ ရှိသည့် အနက် ၁၉၇၂၉ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
- ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိန်ညို ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးအား ဇွန်လ (၁၇) ရက်နေ့ နံနက် (၇) နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ အသက် ၂၇ နှစ်အရွယ် ကိုမျိုးသွင်နှင့် အသက် ၅၀ အရွယ် ပရဟိတဟုခေါ်သည့် ဒေသခံနှစ်ဦးတို့ကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီးခဲ့သည်။
- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာ(ရက်ခုံးတိုင်)မှ ကျောင်းသူတစ်ဦးသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျသဖြင့် ဇွန်လ ၁၇ ရက်နေ့က ကြွက်သတ်ဆေးအဆိပ်စားကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
ဇွန် ၁၈
- ဇွန်လ ၁၈ ရက်နေ့က မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များသည် လက်နက်ကိုယ်စီဖြင့် မြို့တွင်းတွင် လှည့်လည်သွားလာနေကြပြီး မြို့သစ်ရပ်ကွက်၊ ဈေးအနီးရှိ အေးစေတီပတ်ဝန်းကျင်တွင် သွားလာနေကြသည့် ဘေးတွဲဆိုင်ကယ်သမားများနှင့် ဈေးဝယ်သူ ၁၀ ဦးခန့်ကို မြန်မာစစ်တပ်က စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့သည်။
- မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့ သဘောတူမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများအတွက် အကျိုးရှိမည်ဆိုပါက တစ်စုံတစ်ရာ ကန့်ကွက်မည်မဟုတ်ကြောင်း AA ဘက်က ပြောဆိုထားသည်။
- ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် သူငယ်နှင်း ၂ ဦးသည် အရက်အတူတူထိုင်သောက်ပြီး စကားများရန်ဖြစ်ကြရာမှ ကိုခင်အေးက ကိုစိုးသန်းဆိုသူကို ဓားဖြင့် ခုတ်သတ်ကာ ရုပ်အလောင်းအား မြေမြှုပ်ဖျောက်ထားမှုကို သေဆုံးသူ၏ မိသားစုဝင်များက ဇွန်လ ၁၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။
- ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မင်းဖူးကျေးရွာတွင် ဇွန် ၁၈ ရက်နေ့ ညပိုင်းက နေအိမ်အတွင်း တစ်ဦးတည်းအိပ်နေသည့် ဒေါ်မအေးဖြူဆိုသည့် အသက် ၆၉ နှစ်ရွယ်ရှိသူမှာ ဘယ်ဖက်နားရွက်အောက် ဓါးထိုးဒဏ်ရာတစ်ချက်နှင့် အဝတ်စဖြင့် လည်ပင်းညစ်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်းပိုင်ဆိုင်သည့် လက်ဝတ်ရတနာများနှင့် ငွေကြေးအချို့မှာလည်း ပျောက်ဆုံးနေခဲ့သည်။
- နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်လို၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ဦးဆောင်သည့် ကုန်သည်များအဖွဲ့သည် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) ဦးဆောင်သည့် ကုန်သည်များအဖွဲ့နှင့် စစ်တွေမြို့တွင် ၂ ရက်ကြာ လာရောက်ဆွေးနွေးခဲ့ကြသည်။
- ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ဇွန် ၁၉
- ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းလိုက်သော ဆန်များကို မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ ခွင့်ပြုချက်မရသဖြင့် ဆန်ပေးဝေရေး အစီအစဉ်ကို ရပ်နားထားရသည်။
- ရခိုင်ပြည်မှ White Spot Syndrome Virus (WSSV) ပိုးမတွေ့ရှိသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် အချို့အား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့် ပြုထားပြီဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
- မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက်တွင် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ဆို့တားဆီးထားသောကြောင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်နေသူများနှင့် ဒေသခံများမှာ အခက်ကြုံတွေ့နေကြရသည်။
- ရခိုင်ကမြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျာင်းသူများကို ဇွန်လ ၂ ရက်နေ့ က စတင်ကာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီး ဇွန်လ ၁၉ ရက်နေ့အထိ ပထမအကြိမ် ဆေးထိုးပြီးသူ ဦးရေ ၇၁. ၅၂ % ထိရှိနေပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတို့ထံမှ သိရသည်။
ဇွန် ၂၀
- စစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်နေမှုမှာ အာဏာသိမ်းမှုနောက်ဆက်တွဲပြဿနာကို ထိန်းသိမ်းမရ ဖြစ်လာနေသည့်အတွက် ချဉ်းကပ်နေခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောကြားခဲ့သည်။
- မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦး ပြန်ပေးဆွဲခံထားရသည့် ကိစ္စအား ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် ကြားရုံသာကြားသိရသေးပြီး တိကျသေချာစွာမသိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ဦးလှသိန်းက ပြောကြားခဲ့သည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အသက်(၃၈)နှစ် အရွယ် ဒေါ်ဝင်းခင်နှင့် အသက် (၅၀) ကျော်အရွယ် ဒေါ်ချေခင်တို့နှစ်ဦးမှာ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်က အဘောင်သားကျေးရွာနှင့် တကာချောင်းကျေးရွာ အကြားတွင် ဟင်းရှာသွားစဉ် မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြသည်။
- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့မှ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည့်အတွက် အပြန်အလှန် ဖမ်းဆီးရခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက အတည်ပြုပြောဆိုခဲ့သည်။
- ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့တွင် စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များက ရခိုင်ပြည်အတွင်း တိုက်ပွဲများ ထပ်မံမဖြစ်ပွားကြရန် တောင်းဆိုလိုက်ကြသည်။
- မြန်မာစစ်တပ်နှင့် သဘောထားတင်းမာနေသည့် ရက္ခိုင့်တပ်တော်(AA)သည် ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဖမ်းဆီးသွားခဲ့သည်။
- ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှာ အလံဖြူထောင်သည့် ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူးဖြေကြားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်၏ အယူခံတင်သွင်းသည့်အမှု အပြီးသတ်အမိန့်အား တရားသူကြီး ခရီးလွန်နေသည်ဟုဆိုကာ ရုံးချိန်းကို ရွေ့ဆိုင်းခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဇွန် ၂၁
- ကျောက်တော်မြို့တွင် မြန်မာစစ်တပ်မှ နေရာအများအပြားတွင် နေရာယူပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများရှိနေသောကြောင့် ဇွန်လ ၂၁ ရက်နေ့တွင် စာသင်ကျောင်းများအားလုံးကို ပိတ်ထားရခဲ့ကြသည်။
- ရခိုင်ပြည်၏ နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် တက်တက်ကြွကြွပူးပေါင်းပါဝင် လုပ်ဆောင်လေ့ရှိသော ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း (ခေါ်) လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၂၀ ဦးခန့်ကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီကျော် ဝန်းကျင်ခန့်က ဖမ်းဆီးသွားခဲ့သည်။
- ဇွန်လ ၂၁ ရက်က မြောက်ဦးမြို့၊ရွှေဂူတောင်ရပ်ကွက်အတွင်း သွားလာနေသည့် မြန်မာစစ်တပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
- လူမှုကွန်ရက်ထက်က သတင်းများကို သတိဉာဏ်ဖြင့် ဆင်ခြင်ဖတ်ရှုရန်၊ ပဋိပက္ခကို ဦးတည်စေသော အရေးအသား၊ လှုံ့ဆော်မှုမျိုးရေးသားခြင်း၊ ဖြန့်ဝေခြင်းများကို လုံးဝမပြုလုပ်ကြရန်နှင့် လက်ရှိကာလတွင် အာရက္ခပြည်သူ၊ ပြည်သားများအနေနှင့် ရန်သူ၏ထောင်ချောက်ထဲသို့ မကျရောက်စေရန်၊ ရန်သူဖြစ်လိုသော အကွက်ထဲသို့ မသက်ဆင်းစေရန် အထူးသတိထားရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့သည်။
- ကျောက်တော်မြို့တွင် မြန်မာစစ်တပ်က နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့သည့် ဒေသခံ ၂၀ ကျော်အနက် အမျိုးသမီးလေးဦးကို ည ၁၀ နာရီကျော်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
- ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာက ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ကို ပြန်ပေးဆွဲခံရမှုက ရခိုင်ပြည်အတွင်း မတူကွဲပြားသည့် လူမျိုးများအကြားမှာ သဟဇာတဖြစ်စေရေးနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အနှောင့်အယှက်ဖြစ်စေပြီး သံသယများယူဆောင်လာသည့် ကိစ္စမျိုးဖြစ်စေကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် မွတ်ဆလင်ကျောင်သား/သူ ကော်မတီက ဇွန်လ ၂၁ ရက်နေ့ရက်စွဲဖြင့် ပူးတွဲထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည် ၊ စစ်တွေမြို့ရှိ ဧရာဝတီဘဏ်တွင် ငွေလာလွှဲသည့် အမျိုးသားတစ်ဦး၏ ငွေစက္ကူများထဲမှာ ၁၀၀၀၀ ကျပ်တန် ငွေတု သုံးသိန်းငါးသောင်းကျပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်သောရခိုင့်နေ့စဉ် Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။
ဇွန် ၂၂
- ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကျောင်းသားလူငယ်များအပါအဝင်ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- တောင်ကုတ်မြို့နယ်၊ မြို့တောင်အုပ်စုတွင် ငွေကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမည့် တန်းလွဲချောင်းတံတားကို ကိုယ်ထူကိုယ်ထတည်ဆောက်နေသဖြင့် ငွေကြေးအခက်အခဲများ ပေါ်ပေါက်နေ၍ အလှူရှင်များလိုအပ်နေသည်ဟု သိရသည်။
- မောင်တောမြို့နယ်တွင် ဖမ်းဆီးခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် အားမရသဖြင့် ရသေ့တောင်မြို့နယ်မှ စာသင်ကျောင်း (၆) ကျောင်းခန့် ပိတ်ထားပြီး သပိတ်မှောက်ခဲ့ကြသည်။
- ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရဲစခန်းမှ ဒုတပ်ကြပ် ထွန်းလင်းအောင်နှင့် တပ်သား ပြည့်စုံအောင်တို့နှစ်ဦးတို့အား ဇွန်လ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လူ(၇)ယောက်ပါဝင်သောအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- ရခိုင်ပြည်နယ်မှ မြို့အချို့တွင် ဒေသခံအရပ်သားများကို စစ်ကောင်စီတပ်က ဦးတည်ဖမ်းဆီး စစ်ဆေးမှုများလာ၍ ဒေသအတွင်း ပြေးဆွဲနေသည့် လိုင်းကားများကိုပါ ယာယီရပ်နားထားကြရသည်။