- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အကြမ်းဖက်ဥပဒေနှင့် တရားရင်ဆိုင်နေရသည့် ကိုစိန်ချစ်မှာ အစာအိမ်ရောဂါကြောင့် ဆေးကုသမှုခံယူနေရ
အကြမ်းဖက်ဥပဒေနှင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်မှာ အစာအိမ်ရောဂါဖြင့် သံတွဲအကျဉ်းထောင်အတွင်း ဆေးကုသမှုခံယူနေရကြောင်း ရှေ့နေထံမှသိရသည်။
08 Dec 2021
DMG ၊ ဒီဇင်ဘာ ၈
အကြမ်းဖက်ဥပဒေနှင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်မှာ အစာအိမ်ရောဂါဖြင့် သံတွဲအကျဉ်းထောင်အတွင်း ဆေးကုသမှုခံယူနေရကြောင်း ရှေ့နေထံမှသိရသည်။
ကိုစိန်ချစ်တွင် အစာအိမ်ရောဂါအခံရှိပြီး လက်ရှိဖမ်းဆီးထိန်းသိမ်းခံနေရချိန်တွင် အစာအိမ်ရောဂါပြန်ပေါ်ကာ မကြာခဏဗိုက်အောင့်ခြင်းများဖြစ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။
"သူ့မှာ အစာအိမ်ရောဂါအခံရှိတယ်။ သူ့အတွက်ဆေးတွေပို့ပေးနေရတယ်။ ဒီနေ့တောင် ရုံးထုတ်လာပြီးစစ်ဆေးနေချိန် ဗိုက်အောင့်လို့ဆိုပြီး ဆေးတွေတိုက်ထားရတယ်။ ထောင်ထဲမှာတော့ ဆေးမှူးရှိတယ်ပြောတယ်။ ဆေးမှူးကလဲ ဆေးကုသပေးနေတာရှိတယ်လိုတော့သိရတယ်။ အပြင်ကလဲ ဆေးဝယ်ပေးနေရတယ်"ဟု ရှေ့နေကပြောသည်။
သံတွဲမြို့နယ်အတွင်းမှ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသဖြင့် လက်ရှိတရားရင်ဆိုင်နေရသည်။
အဆိုပါအမှုကို ယနေ့သံတွဲမြို့နယ်တရားရုံးတွင် ရုံးထုတ်ပြီး တရားလိုသက်သေ ၁ ဦးကိုစစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။
ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့နှစ်ဦး၏အမှုတွင် တရားလိုသက်သေ ၁၃ ဦးရှိပြီး လက်ရှိတွင် ၄ ဦးကို စစ်ဆေးပြီးဖြစ်သည်။
အမှုအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ရုံးထုတ်သွားမည်ဖြစ်ကာ ရုံးချိန်းတစ်ကြိမ်တွင် သက်သေ ၃ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေကပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် PDF နှင့် ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူခရိုင်မှတစ်ဦး၊ စုစုပေါင်းအမျိုးသမီးငါးဦးနှင့် အမျိုးသားသုံးဦးတို့ ဖမ်းဆီးခံထားရသည်။
ထိုသို့ဖမ်းဆီးခံထားရသူများမှာ သံတွဲမြို့မှ ဦးစိန်ချစ်၊ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်၊ ငပလီမြို့မှ ကိုရဲနိုင်ဦးနှင့် မငြိမ်းအိဖြူ၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ) အောင်နိုင်မြင့်၊ တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်နှင့် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ ဖြစ်ကြသည်။