စစ်ကောင်စီဖိတ်ထားသည့် ငြိမ်းချမ်ရေးဆွေးနွေးပွဲတွင် KIO ပါဝင်မည်မဟုတ်

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်ခဲ့သည့်ကိစ္စအား ပါဝင်ဆွေးနွေးမည် မဟုတ်ကြောင်း ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(KIO)က ယနေ့(မေလ ၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

05 May 2022

DMG ၊ မေ ၅

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်ခဲ့သည့်ကိစ္စအား ပါဝင်ဆွေးနွေးမည် မဟုတ်ကြောင်း ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(KIO)က ယနေ့(မေလ ၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ ငြိမ်းချမ်းဆွေးနွေးပွဲဖိတ်ခေါ်မှုကို မေလ ၂ ရက်နေ့စွဲဖြင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က ထပ်ဆင့်အကြောင်းကြားသည့်စာကို KIO က လက်ခံရရှိခဲ့သော်လည်း နိုင်ငံ၏အရေးအရာများကို တန်းတူဆွေးနွေးမည့်အချိန်အခါ၊ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

KIO ၏ထုတ်ပြန်ချက်မှာ စစ်ကောင်စီအနေဖြင့် မြန်မာပြည်တွင်ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းစေချင်သည်ဆိုပါက လက်ရှိဖိတ်ခေါ်ထားသည့်အဖွဲ့များအပြင် NUG၊ PDF တပ်ဖွဲ့များကိုပါ ဖိတ်ခေါ်သင့်သည်ဆိုသော သဘောထားကိုတွေ့ရသည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်သူတို့က သုံးသပ်ကြသည်။

“KIO အနေနဲ့ အခုလိုထုတ်ပြန်တာကတော့ အာဆီယံရဲ့သဘောထားကို ရယူပြီးတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှာ မပါဝင်အောင် ရှုတ်ချလိုက်တယ်လို့ ကျွန်တော်ကတော့မြင်တယ်။
သူတို့ဆိုလိုချင်တာကတော့ အခုမြန်မာပြည်ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် လက်ရှိဖိတ်ခေါ်ထားတဲ့ အဖွဲ့တွေနဲ့ မလုံလောက်ဘူး။ NUG ရော၊ PDF ရော သူတို့အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အင်အားစုတွေပါ ပါဝင်ဖို့သင်တယ်လို့ ဆိုလိုရာရောက်တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က DMG သို့ပြောသည်။

KIO ထုတ်ပြန်ချက်တွင် ပါဝင်သင့်သူအားလုံး ဖိတ်ခေါ်ခြင်းမရှိကြောင်းနှင့် နိုင်ငံ၏အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိသည်ကို တွေ့ရှိရကြောင်းလည်း ဆိုသည်။

ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KIO တက်မည်မဟုတ်ဆိုသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်မရှိသေးပေ။

သို့သော်လည်း စစ်ကောင်စီဘက်ကတော့ လက်ရှိမြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားနေသည့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG၊ PDF တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

စစ်ကောင်စီဘက်ကတော့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်အဖြစ် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန်ဟု ပြောကြားခဲ့သည်။

“အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြရန်နှင့် တက်ရောက်မည့်သူ၊ ပုဂ္ဂိုလ်များ၏အမည်ကို မေလ ၉ ရက်နေ့ကို နောက်ဆုံးထားစာရင်းပေးပို့ရန်လည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ စစ်ကောင်စီကဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၉ ဖွဲ့နှင့် အဆက်အသွယ်ရထားပြီးဖြစ်ကာ NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ထဲမှ ၈ ဖွဲ့နှင့် အဆက်အသွယ်ရထားပြီး တက်ရောက်မည့် အခြေအနေကောင်းများရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ NUG ၊ PDF အဖွဲ့အစည်းများကို မဖိတ်ကြားခြင်းဖြစ်ပြီး EOAS အဖွဲ့အစည်းများကို ဖိတ်ထားသည့်အတွက် မတက်ရောက်ပါက မိမိတို့၏ဖယ်ဒရယ်တောင်းဆိုမှုအတွက် ဆွေးနွေးမှုမှာလည်း အားလျှော့သွားနိုင်ကြောင့း ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းကဆိုသည်။

“မဖိတ်တာကတော့ PDF အဖွဲ့နဲ့ NUG အဖွဲ့ပဲရှိတယ်။ နောက်ထပ် EAO အဖွဲ့ကိုဖိတ်တယ်လို့ ကျွန်တော်တို့ နားလည်ထားတယ်။ မတက်ဆိုရင်တော့ ဆွေးနွေးပွဲဖြစ်ဖို့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NUG နဲ့ PDF က သူတို့နဲ့ပူးပေါင်းပြီးမှ တက်မယ်ဆိုတာက ကိုယ့်တို့ရဲ့ ဖယ်ဒရယ်တောင်းဆိုမှုအတွက် ဆွေးနွေးမှုတွေမှာ အားလျှော့သွားနိုင်တယ်”ဟု ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

ဆွေးနွေးပွဲသို့တက်ရောက်လာမည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့များအား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာအာမခံကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုထားသလို တချို့သောတိုင်းရင်းသားလက်နက်ကိုင်အချို့မှာလည်း စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်ပြီး ဆွေးနွေးနေကြဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည်။ ထိုသို့စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။