- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်များ ဆန်နှင့် ရေပြဿနာ ဆိုးရွားစွာကြုံတွေ့နေရ
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ဆန်ပြုတ် ကြိုသောက်ရသည်အထိ အခက်အခဲဖြစ်ပေါ်နေကြောင်း ပင်လယ်ကွေ့ စစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းသန်းအေးက ပြောသည်။
19 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၉
ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းရှိ ပင်လယ်ကွေ့စစ်ဘေးရှောင်စခန်းတွင် ဆန်အပါအဝင် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ ပြတ်လပ်လုနီးပါးရှိလာနေ၍ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ဆန်ပြုတ် ကြိုသောက်ရသည်အထိ အခက်အခဲဖြစ်ပေါ်နေကြောင်း ပင်လယ်ကွေ့ စစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းသန်းအေးက ပြောသည်။
“အခက်အခဲက ဆန်အပြင် ဆီတွေဆိုရင်လည်း အဲဒီလိုပဲ။ အခုဆို ဆီမရှိဘူး။ ငပိနဲ့ ငရုပ်သီးကို ထောင်းပြီး မြင်းခွာပင် အရွက်တွေနဲ့ တို့စားရတာများတယ်” ဟု သူက ပြောသည်။
ပင်လယ်ကွေ့စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၅၀ ခန့်ရှိပြီး လက်ရှိတွင် အကူညီမရရှိသည်မှာ နှစ်လနီးပါးရှိလာကြောင်း စစ်ဘေးရှောင်များက ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ မိသားစုစားဝတ်နေရေးအတွက် နွားချေးကောက်ယူပြီး တစ်အိတ်ကို ငွေကျပ် နှစ်ထောင်နှုန်းဖြင့် ပြန်လည်ရောင်းချကာ ဝမ်းရေးကို ဖြေရှင်းနေကြသည်။ သို့သော်လည်း အလုပ်အကိုင်မှာ ပုံမှန်မရှိသဖြင့် နေ့စဉ်ဝင်ငွေမှာလည်း ပုံမှန်မရှိပေ။
ယင်းအပြင် မိုးရာသီက သိုလှောင်ထားသည့် ရေများမှာလည်း ယခုနှစ် လကုန်ပိုင်းတွင် ပြတ်လပ်သွားနိုင်သောကြောင့် ချိုးရေနှင့် သုံးရေအတွက် ကျွဲလူးအိုင်များတွင် သွားရောက်ခပ်ယူသုံးစွဲနေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
“အမှန်တော့ အောက်ကို ငုံ့ကြည့်ရင် တကယ် မချိုးချင်ဘူး။ ဒီထဲမှာ ကျွဲသေးပေါက်တာ။ ကျမတို့က လျှော်ပြီးသားရေကိုလည်း ပြန်ဆင်းချိုးတယ်။ မှတ်ကြိတ်ပြီး ချိုးရတယ်။ တချို့ဆို သွားလို့လည်း ရေမချိုးကြဘူး။ ဒီအတိုင်းပဲနေကြတယ်” ဟု ဒေါ်သန်းသန်းအေး ဆက်ပြောသည်။
ပင်လယ်ကွေ့စစ်ဘေးရှောင်စခန်းကို ရေအလှုရှင်များမှ လာရောက်လှူဒါန်းခြင်းရှိသော်လည်း တစ်အိမ်ထောင်အတွက် ရေ ၅ ဂါလံဆန့် ဘူးအဝါနှင့်တစ်ရက်ကို ၂ ပုံးသာ သုံးစွဲနေကြရကြောင်း သိရသည်။
အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ငွေကြေးအခက်အခဲကြောင့် အခက်ကြုံနေရသည့် စစ်ဘေးရှောင်များမှာ အလှူရှင် အဖွဲ့အစည်းများ လာရောက်အကူအညီပေးရန် မျှော်လင့်နေကြသည်။
စစ်ဘေးရှောင်များအခက်အခဲကြုံနေရခြင်းနှင့်ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)အနေဖြင့် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။
“အခု လိုအပ်နေတဲ့ ဆန်တွေကစပေါ့။ ပြီးတော့ စောင်၊ အနွေးထည်တွေအစ တောင်းဆိုချင်တယ်။ ကျမတို့ကို လာကူညီ ပေးဖို့လည်း တောင်းဆိုတယ်''ဟု ပင်လယ်ကွေ့စစ်ဘေးရှောင်စခန်းမှ စာရင်းကိုင် ဒေါ်အသောမြာက ပြောသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းအများစုမှာ ကျေးရွာနှင့်အလှမ်းဝေးသည့် ဝေးလံခေါင်ဖျားဒေသများတွင် နေထိုင်ကြ၍ အကူညီရရှိမှုနည်းပါးသည့်အပြင် ရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။