- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KNU တပ်မဟာ (၅)နှင့် (၆)တို့၌ ယခုလအတွင်း တိုက်ပွဲအကြိမ်ရေ ၂၃၀ နီးပါးဖြစ်ပွား၊ ဒေသခံ ၁၆ ဦး ထိခိုက်သေဆုံးခဲ့
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၅)နှင့် တပ်မဟာ(၆)နယ်မြေတို့၌ ယခုဧပြီလ လက်ရှိအချိန်ထိ တိုက်ပွဲအကြိမ်ရေ(၂၃၀)နီးပါးဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၆ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ကေအန်ယူသတင်းအရင်းအမြစ်များထံမှ သိရသည်။
19 Apr 2022
DMG ၊ ဧပြီ ၁၉
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၅)နှင့် တပ်မဟာ(၆)နယ်မြေတို့၌ ယခုဧပြီလ လက်ရှိအချိန်ထိ တိုက်ပွဲအကြိမ်ရေ(၂၃၀)နီးပါးဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၆ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ကေအန်ယူသတင်းအရင်းအမြစ်များထံမှ သိရသည်။
KNU တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်၌ ဧပြီလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပေါင်း(၁၇၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်ခဲ့ကာ၂ ဦးသေဆုံးခဲ့ကြောင်း ကေအန်ယူတပ်မဟာ(၅)မှ ယနေ့(ဧပြီလ ၁၉ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဖာပွန်-ကမမောင်း ကားလမ်းမအနီး ထိုခေးလိုနှင့် နို့ဖောထီးကျေးရွာအတွင်းမှ နေအိမ်များထိခိုက်မှုပျက်စီးခဲ့ကာ ဒေသခံ(၄)ဦးထိခိုက်ခဲ့ပြီး (၂)ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)နှင့် နီးစပ်သူတစ်ဦးမှပြောသည်။
“ဒီဧပြီလနှစ်ပတ်လုံးမှာ စစ်ကောင်စီတပ်နဲ့ BGF အဖွဲ့တွေ ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံတွေထိခိုက်သေဆုံးခဲ့တာရှိခဲ့တယ်။ ၆ ဦးကျော်လောက်ရှိတယ်။ ဖာပွန်-ကမာမောင်းကားလမ်းအနားက ရွာတွေထိကုန်တယ်"ဟု ၎င်းမှပြောသည်။
ထို့အပြင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)မှ လက်နက်ကြီးပစ်ခတ်မှုအကြိမ်(၄၃၀)အထိရှိခဲ့ပြီး ဒေသခံနေအိမ်အလုံး၂၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း KNU တပ်မဟာ(၅)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
KNU တပ်မဟာ(၆)နယ်မြေတွင်လည်း မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF) နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲ(၅၅)ကြိမ်ဖြစ်ပွားခဲ့ကာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်(BGF)မှ (၈၇)ဦးသေဆုံးခဲ့ပြီး (၄၅)ဦး ထိခိုက်ခဲ့သလို KNLA ပူးပေါင်းအဖွဲ့မှလည်း (၁၇) ဦးထိခိုက်ခဲ့ကာ (၁၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့်ပစ်ခတ်မှု အကြိမ်ရေ (၂၀) ကျော်ရှိခဲ့ပြီး လေးကေ့ကော်မြို့သစ်ရှိ နေအိမ်(၁၀)လုံးကျော်ပျက်စီးခဲ့ကာ ဒေသခံ(၈)ဦးထိခိုက်ခဲ့ပြီး (၄)ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။
"လေကြောင်းနဲ့ပစ်ခတ်မှုက အကြိမ် (၂၀)ကျော်ဖြစ်ခဲ့ပါတယ်။ ဒေသခံအချို့လည်း ထိခိုက်သေဆုံးကုန်တယ်။ ၁၀ ဦးကျော်လောက်ရှိခဲ့တယ်"ဟု ၎င်းမှဆိုသည်။
KNU တပ်မဟာ(၆)နယ်မြေများဖြစ်သည့် ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် လေးကေ့ကော်ဒေသများသို့ ယနေ့(ဧပြီလ ၁၉ ရက်)၌ မြန်မာစစ်တပ်မှ လေကြောင်းထောက်လှမ်းမှု (၇)ကြိမ်ထက်မနည်းရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမနှင့် မြဝတီ-ဝေါလေကားလမ်းမတို့ကို နံနက် ၆ နာရီမှ ည ၇ နာရီအထိသာ မော်တော်ယာဉ်များသွားလာကြရန် ဧပြီ(၈)ရက်နေ့က KNU တပ်မဟာ(၆) ဒူးပလာခရိုင်မှအသိပေးထားသည်။