ရခိုင်ဒေသတွင် ခိုးဆိုးလုယက်မှု များပြားလာနေ

စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ဒေသတွင် ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှု တို့ကြောင့် ဒေသခံများမှာ စားဝတ်နေရေးအကျပ်အတည်း စိန်ခေါ်မှုကြီးကို ရင်ဆိုင်နေကြရသည်။

By Admin 14 Sep 2024

ရခိုင်ဒေသတွင် ခိုးဆိုးလုယက်မှု များပြားလာနေ

DMG ၊ စက်တင်ဘာ ၁၄ 

စားဝတ်နေရေးအကျပ်အတည်းနှင့် ကြုံတွေ့နေရသော ရခိုင်ပြည်တွင် အုပ်စုဖွဲ့ကာ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှု စသည့် ဒုစရိုက်မှုများ များပြားလာသဖြင့် ဒေသခံများမှာ စိုးရိမ်နေကြသည်။

စက်တင်ဘာ ၁၁ ရက်က ကျောက်တော်မြို့ရှိ ‘ရွှေပွင့်’ ငွေလွှဲငွေထုတ်ဆိုင်မှ ငွေကျပ် သိန်း ၂,၅၀၀ ကျော် ခိုးယူခံခဲ့ရကြောင်း ကာယကံရှင်ထံမှ သိရသည်။ 

ဆိုင်ပိုင်ရှင်ဒေါ်ထက်မြတ်သူက “ညဥ့်အချိန် ဝင်ခိုးသွားတာ။ ကျမတို့က ၁၂ ရက်နေ့ မနက်စောစောမှပဲ သိရတယ်။ အိမ်ကနေ တက်ခိုးသွားတာ။ ငွေအားလုံး သိန်း ၂,၅၀၀ ကျော်လောက်ပါသွားတယ်” ဟု ပြောသည်။  

စက်တင်ဘာ ၈ ရက်ကလည်း ကျောက်တော်မြို့၊ ဆေးရုံဝန်ထမ်းဆောင်မှ HONDA ယိုးဒယားဆိုင်ကယ်တစ်စီး အခိုးခံလိုက်ရကြောင်း ပိုင်ရှင်ဖြစ်သူ မမြနှင်းက ပြောသည်။

စစ်တွေ၊ အမ်းမြို့နယ်များတွင်လည်း အုပ်စုဖွဲ့ခိုးယူမှုများ နေ့စဉ်နှင့်အမျှရှိနေကြောင်း ဒေသခံများထံမှ သိရသည်။  

အမ်းမြို့နယ် ရူးကျေးရွာမှ ဒေသခံတစ်ဦးက “အုပ်စုလိုက်ခိုးကြတာ။ ငွေတွေထက် အဓိကသုံးဖို့လိုအပ်တဲ့ ပစ္စည်းတွေ၊ စားသောက်ကုန်တွေကို ခိုးကြတာများတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့တွင်လည်း စက်တင်ဘာ ၁၁ ရက်က ဆေးရုံအကွက် (၁) ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ကို မျက်နှာဖုံးစွပ် အမျိုးသား ၁၀ ဦးခန့်က အုပ်စုဖွဲ့ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ဒေသတွင် ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှု တို့ကြောင့် ဒေသခံများမှာ စားဝတ်နေရေးအကျပ်အတည်း စိန်ခေါ်မှုကြီးကို ရင်ဆိုင်နေကြရသည်။

“ဒီကိစ္စက တော်တော်ကြောက်ဖို့ကောင်းသလို အရမ်းလည်းစိုးရိမ်ရတယ်။ ဒီကာလမှာ စားရေးသောက်ရေးအတွက် ရုန်းကန်ရတာမလွယ်ဘူး။ အလုပ်လည်းမရှိ၊ ဝင်ငွေလည်းမရှိ ထမင်းနပ်မှန်ဖို့ကလည်းလိုတယ်။ ကြံရာမရတဲ့အဆုံး ဒီလိုလုပ်ဖို့ တွန်းအားတွေဖြစ်လာတယ်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ခိုးဆိုးလုယက်မှုများမှာ ရခိုင်ပြည်အနှံ့ ဖြစ်ပွားနေခြင်းဖြစ်ပြီး AA ထိန်းချုပ်နယ်မြေများတွင် ဒုစရိုက်မှုဖြစ်စဉ်များကို ကိုင်တွယ်ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။ 

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ကိုဖွဲ့စည်းထားပြီး ဌာနကိုတိုးချဲ့ရန် စီစဉ်နေကြောင်း AA က ဆိုထားသည်။