ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအနီး ဆည်တည်ဆောက်ရန် မြေနေရာစမ်းသပ်မှုပြုလုပ်နေ

ကျောက်ဖြူမြို့အတွင်း ရေပေးဝေနိုင်ရေးအတွက် အုန်းတောကျေးရွာနှင့် ပြိုင်းစိကေကျေးရွာအနီးတွင် ဆည်တစ်ခုတည်ဆောက်ရန် မြေနေရာစမ်းသပ်မှုများလုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

07 Mar 2022

DMG ၊ မတ် ၇

ကျောက်ဖြူမြို့အတွင်း ရေပေးဝေနိုင်ရေးအတွက် အုန်းတောကျေးရွာနှင့် ပြိုင်းစိကေကျေးရွာအနီးတွင် ဆည်တစ်ခုတည်ဆောက်ရန် မြေနေရာစမ်းသပ်မှုများလုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါနေရာ၌ ဆည်တည်ဆောက်မှုပြုလုပ်နိုင်ခြင်း ရှိ၊ မရှိကို စမ်းသပ်ဆောင်ရွက်လျှက်ရှိကြောင်း အုန်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ရွှန်းကဆိုသည်။

"အစိုးရက ဆည်တည်ဆောက်ဖို့အတွက် မြေယာစမ်းသပ်မှုတွေလုပ်နေပါတယ်။ မြေယာစမ်းသပ်မှုလုပ်နေတာကတော့ တစ်လကျော်လောက်ရှိနေပြီ။ ဆည်တည်ဆောက်ဖို့အတွက် မြေသားကောင်းမကောင်းကို စမ်းသပ်နေတာပေါ့။ ဆောက်ဖြစ်မယ် မဆောက်ဖြစ်ဘူးဆိုတာကတော့ မသေချာသေးဘူး"ဟု ၎င်းကပြောသည်။

ယင်းဆည်တည်ဆောက်မည့်နေရာမှာ အုန်းတောကျေးရွာနှင့် ပြိုင်းစိကေကျေးရွာတို့မှ ဒေသခံတောင်သူ ၂၃ ဦးပိုင်ဆိုင်သော လယ်ယာမြေဧက ၆၀ ကျော်နှင့် မြေလွတ်မြေရိုင်းများအပါအဝင် ဧက ၂၀၀ ခန့်ကျယ်ဝန်းကြောင်း ဒေသခံများထံမှသိရသည်။
ယင်းဆည်တည်ဆောက်မည့်နေရာတွင် လယ်မြေပါဝင်နေသည့်တောင်သူများက လယ်ယာမြေများဆုံးရှုံးပြီးအခက်အခဲရှိလာနိုင်သဖြင့် ဆည်တည်ဆောင်မည်ကို မလိုလားကြပေ။

အုန်းတောကျေးရွာဒေသခံ ဦးမောင်အေးသန်းက "သူတို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ်ကိုခေါ်တယ်။ အဲဒီဆည်တည်ဆောက်မဲ့ကိစ္စနဲ့ လယ်ယာမြေတွေပါသွားလို့ လျှော်ကြေးငွေကိစ္စကို ပြောမယ်ဆိုပြီး သက်ဆိုင်ရာကခေါ်တယ်။ ကျနော်တို့လယ်တွေကို မရောင်းချနိုင်ဘူး။ အဲဒီဆည်လုပ်မယ်ဆိုရင် ကျနော်တို့တောင်သူတွေ ထမင်းငတ်သွားနိုင်တယ်"ဟု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က တောင်သူများကိုခေါ်ယူတွေ့ဆုံစဉ် မြေယာပါဝင်သွားသည့်တောင်သူများကို တစ်ဧကလျှင် လျော်ကြေး ၁၈ သိန်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

နောက်ထပ် လယ်မြေပါဝင်သွားသည့် အုန်းတောကျေးရွာဒေသခံ ဒေါ်ခင်ရီက "ကျမတို့က တောင်ယာလယ်တွေကိုလုပ်စားနေတာကို လယ်ယာမြေတွေကို ဆည်ဆောက်ဖို့ရောင်းရမယ်ဆိုရင် ကျမတို့က ဘာလုပ်စားရမှာလဲ။ ကျမတို့လယ်တွေကို မရောင်းနိုင်ဘူး။ သူတို့က တို့လယ်မြေတစ်ဧကကို ၁၈ သိန်းပေးမယ်လို့ပြောတယ်။ ဒီထက်တိုးမပေးနိုင်ဘူးလို့လဲပြောတယ်။ ကျမတို့ လယ်မြေတွေကို မရောင်းနိုင်ဘူး"ဟု ပြောသည်။

အဆိုပါဒေသတွင် လက်ရှိလယ်တစ်ဧကကို သိန်း ၂၀၀ ဝန်းကျင်ရှိနေပြီး မိမိတို့လယ်ယာမြေများအား ဆည်တည်ဆောက်ရေးအတွက် ရောင်းချလိုက်ပါက မိသားစုစားဝတ်နေရေးနှင့် အလုပ်အကိုင်များပါ ကင်းမဲ့သွားမည်ကို ဒေသခံများက စိုးရိမ်မှုရှိနေကြသည်။

ယင်းအပြင် ကျွဲနွားများအတွက် စားကျက်မြေများလဲပျောက်ကွယ်သွားမည်ဖြစ်၍ ဆည်တည်ဆောက်မည့်ကိစ္စကို အဆိုပါဒေသခံများက မလိုလားကြောင်း ပြောဆိုကြသည်။