- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင်တည်ဆောက်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန်လိုကြောင်း ဒေသခံများပြော
ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာနှင့် ဂုံးချိန်ကျေးရွာကြားရှိ ကျောက်ဖြူချောင်းအားပိတ်ဆို့ကာ တည်ဆောက်နေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကြောင့် ဒေသခံများလုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်လာမည်ကိုစိုးရိမ်သည့်အတွက် စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာချပြပေးရန် ဒေသခံများကလိုလားနေကြသည်။
23 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၃
ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာနှင့် ဂုံးချိန်ကျေးရွာကြားရှိ ကျောက်ဖြူချောင်းအားပိတ်ဆို့ကာ တည်ဆောက်နေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကြောင့် ဒေသခံများလုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်လာမည်ကိုစိုးရိမ်သည့်အတွက် စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာချပြပေးရန် ဒေသခံများကလိုလားနေကြသည်။
၎င်းလျှပ်စစ်ဓာတ်အားပေးစက်ရုံကို Power China ကုမ္ပဏီနှင့် မြန်မာလျှပ်စစ်လုပ်ငန်းတို့ပူးပေါင်းကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
စီမံကိန်း စတင်အကောင်အထည်ဖော်ချိန်က ဒေသခံများကို အသိပေးခြင်းမရှိခဲ့သလို ပွင့်လင်းမြင်သာစွာ ချပြခြင်းလည်းမရှိသည့်အတွက် စီမံကိန်းကြောင့်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို ထည်သွင်းစဉ်းစားရန် လိုကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံကပြောသည်။
“အခုက ပွင့်လင်းမြင်သာစွာမချပြဘဲ သူတို့ငွေရှိတိုင်းကို မြေတွေဝယ်ပြီး လုပ်ချင်တဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ ပြည်သူလူထုက ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လောက် ခံစားရမှာလဲဆိုတာ စဉ်းစားဖို့လိုတယ်လို့မြင်တယ်”ဟု သူကပြောသည်။
နိုင်ငံအတွင်း စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းများကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်ကြောင်း ဦးဖိုးစံကဆက်ပြောသည်။
ယခင်က ကျောက်ဖြူမြို့နယ်အတွင်းတည်ဆောက်ခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတို့မှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့သည့်အတွက် စီမံကိန်း၏အကျိုးဆက်အဖြစ် ဒေသခံများ ငါးဖမ်းလုပ်ငန်း ထိခိုက်ဆုံးရှုံးရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးရခြင်းတို့ရှိခဲ့သည်။
လက်ရှိလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရာ၌လည်း ဒေသခံများ စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း ဂုံးချိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးကြည်ကပြောသည်။
“ဒီဒေသမှာ တိုးတက်ရာတိုးတက်ကြောင်း လာလုပ်တာကိုတော့ ဝမ်းသာတယ်။ ဒါပေမယ့် သူတို့စီမံကိန်းတစ်ခု လုပ်လိုက်တယ်ဆိုရင် ဒေသခံတွေမှာ မြေယာမြေဆုံးရှုံးမှုတွေအများကြီးရှိသွားတယ်။ ဒီဒေသခံတွေဟာ ဒီမြေယာနဲ့ပဲ စိုက်ပျိုးလုပ်ကိုင်စားသောက်နေကြတာဖြစ်တယ်။ အဲဒါတွေကို ရောင်းချတာတွေ၊ ငှားရမ်းပေး လိုက်ရတဲ့အတွက် ဆုံးရှုံးမှုတွေရှိသွားတယ်။ အဲဒီမှာ လုပ်ကိုင်စားသောက်နေသူတွေရဲ့ ဘဝနေထိုင်မှုတွေကို သူတို့ ဘယ်အတိုင်းအတာထိ အာမခံပေးမယ်၊ ပြုပြင်ပေးမယ်ဆိုတာကို အခုချိန်ထိ ချပြတာ၊ အသိပေးတာတွေ မရှိသေးဘူး”ဟု ၎င်းကပြောသည်။
အဆိုပါဓာတ်အားပေးစက်ရုံကို ကျောက်ဖြူချောင်းအားပိတ်ဆို့ပြီး တည်ဆောက်နေသည့်အတွက် ချောင်းအထက်ရှိ အုန်းတော၊ ကုန်ဘောင်၊ ဆိပ်ချောင်းပြင်ကျေးရွာအပါအဝင် ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေများ မိုးရာသီတွင် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။
“ကျောက်ဖြူချောင်းကြီးကို အမှီပြုနေရတဲ့ ကျနော်တို့လယ်ယာမြေတွေ ဆုံးရှုံးသွားမှာကိုစိုးရိမ်တယ်။ အဲဒီကျောက်ဖြူချောင်းကို ပြန်မဖွင့်ပေးဘူးဆိုရင် လယ်ယာမြေတွေဆုံးရှုံးသွားဖို့၊ ရွာတွေ ရေမြုပ်သွားမှာကို စိုးရိမ်တယ်”ဟု အုန်းတောကျေးရွာဒေသခံ ကိုထွန်းဝင်းစိုးကပြောသည်။
လက်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂ နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်ခွင့် သက်တမ်း ၂၅ နှစ်ပေးအပ်ထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။ စက်ရုံပြီးစီးပါက မြန်မာနိုင်ငံအစိုးရကို Power China ကုမ္ပဏီမှ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် Power China ကုမ္ပဏီ၏ တာဝန်ရှိသူများက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်ဟောင်းများ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံများခေါ်ယူပြီး စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းချပြခဲ့ကြသည်။
သို့သော်စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသလို စီမံကိန်းကြောင့်ဒေသပျက်စီးလာပါက တာဝန်ယူမှု၊တာဝန်ခံမှုရှိစွာ ဆောင်ရွက်ပေးမည့် စာချုပ်စာတမ်းဂတိဂဝတ်မပါဝင်သည်ကို ယင်းအစည်းအဝေးတွင်တွေ့ရှိခဲ့ရသည်ဟု လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံကပြောသည်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်ငွေ(Gas)ဖြင့် လည်ပတ်ရန်ရှိသော်လည်း ပင်လယ်ဆားငံရေကို ဂုံးချိန်ကျေးရွာအနီးမှ စက်ရုံသို့သယ်ယူပြီး ရေအားသန့်စင်ကာ စက်လည်ပတ်ရန်လုပ်ဆောင်မည်ဖြစ်သည်။ ထွက်ရှိလာသည့် ရေဆိုးရေညစ်များနှင့် စက်ရုံရှိလူနေအိမ်များမှ ထွက်ရှိလာသည့်အညစ်အကြေးများကို ပင်လယ်ထဲသို့ ပြန်လည်စွန့်ပစ်မည်ဟု Power China ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးကရှင်းပြ၍ သိရှိခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူများက ဆိုကြသည်။
စက်ရုံမှစွန့်ပစ်လိုက်သည့် အညစ်အကြေး၊ ဓာတုပစ္စည်းများမှာ ပင်လယ်ထဲသို့ရောက်ရှိသွားလျှင် ရေအောက်ရှိ သားငါး၊ ပုဇွန်များနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်လာမည်ကို ပင်လယ်အားမှီခိုပြီး လုပ်ကိုင်စားသောက်နေသည့် ရေလုပ်သားများက စိုးရိမ်နေကြသည်။
ကျောက်ဖြူမြို့ လူထုနှင့်သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ကိုကျော်မင်းက “ဒီစီမံကိန်းမှာက ပင်လယ်ထဲက ဆားငန်ရေကိုယူပြီး သန့်စင်ပြီးလည်ပတ်မယ်။ ရေဆိုး၊ရေညစ်တွေကို ပင်လယ်ထဲသို့ပြန်စွန့် ထုတ်မယ်လို့သိရတယ်။ အဲလိုစွန့်ထုတ်လိုက်တဲ့ရေကြောင့် ဆိုးကျိုးဖြစ်၊ မဖြစ်ဆိုတာကို ပညာရှင်အဆင့်က ကြည့်မှရမယ်။ တကယ်လို့ စွန့်ထုတ်လာတဲ့နောက်ပိုင်းမှာ ရေလုပ်ငန်းလုပ်နေတဲ့သူတွေ ဘယ်လိုထိခိုက်မှု ရှိ၊ မရှိဆိုတာကို ခန့်မှန်းလို့ရမယ်”ဟု ပြောသည်။
စီမံကိန်းတွင် ပိတ်ဆို့ထားသည့်ကျောက်ဖြူချောင်းကြောင့် ကျေးရွာများရေနစ်မြှုပ်မှု မဖြစ်စေရန်၊ လယ်ယာမြေများ ရေဖုံးလွှမ်းမှုနှင့်ရွံ့မြေများ မဖုံးလွှမ်းစေရန်၊ ရေဆိုးရေညစ်များကို မည်သည့်ပုံစံဖြင့် စွန့်ပစ်မည်ကို ရှင်းလင်းရန်၊ ရေလွှမ်းမိုးမှုကြောင့် တံတားများမပျက်စီးစေရန် Power China ကုမ္ပဏီမှ မည်ကဲ့သို့ဆောင်ရွက်မည်တို့ကို ပွင့်လင်းမြင်သာစွာရှင်းလင်းပေးရန် ဒေသခံများကတောင်းဆိုထားကြသည်။
ပိတ်ဆို့ထားသည့်ကျောက်ဖြူချောင်းကို လာမည့်မတ်လအတွင်း ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသခံများ၏တောင်းဆိုချက်ကို လိုက်လျောဆောင်ရွက်ပေးမည်ဟု Power China ကုမ္ပဏီမှ နှုတ်ဂတိဖြင့် ဒေသခံများကိုပြောဆိုခဲ့ကြောင်း သိရသည်။
“သူတို့က လုပ်ပေးမယ်လို့ပြောပေမယ့် တခုမှယုံကြည်မှုမရှိဘူး။ လုပ်ပေးတဲ့အချိန်မှ လုပ်ပေးတယ်လို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုရင် မဒေးကျွန်းမှာဆိုရင်လည်း လုပ်ပေးမယ်ဆိုပြီး မလုပ်ပေးခဲ့တာတွေရှိတယ်။ အခုကလည်း လုပ်ပေးမယ်လို့ပြောထားတယ်။ ဒါပေမယ့်စောင့်ကြည့်ရမယ်”ဟု အုန်းတောကျေးရွာဒေသခံ ကိုထွန်းဝင်းစိုးက ပြောသည်။
ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကြောင့် ဒေသခံများ ထိခိုက်မှုမရှိအောင် ညှိနှိုင်းလုပ်ဆောင်နေသလို စီမံကိန်းနှင့်ပတ်သက်၍လည်း လိုအပ်သလို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
“စီမံကိန်းကြောင့် ဒေသခံပြည်သူကိုမထိခိုက်ရဘူး။ တစ်ဖက်က နိုင်ငံအတွက်အကျိုးရှိမယ့် စီမံကိန်းမျိုးဖြစ်ရမယ်။ လျှပ်စစ်မီးရရှိရေးကို အထောက်အကူပြုတဲ့စီမံကိန်းဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ သဘောတူညီမှု ရထားတဲ့အတိုင်း အောင်မြင်အောင်လည်းဆက်လုပ်သွားမယ်။ ဒီဟာလုပ်လိုက်တဲ့အတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ညှိနှိုင်းပြီးလုပ်ထားတာရှိတယ်။ မိုးတွင်းကာလမှာ ရေတွေတက်လာရင်လည်း လိုအပ်ရင်လိုအပ်သလို ပေါင်းစပ်ပြီးလုပ်သွားပေးမှာဖြစ်တယ်”ဟု ၎င်းကပြောသည်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရာတွင် ဒေသခံ ၇၅ ရာခိုင်နှုန်းကို အလုပ်ပေးထားကြောင်း Power China ကုမ္ပဏီမှ တာဝန်ရှိသူများကပြောဆိုထားသော်လည်း လက်တွေ့မြေပြင်တွင် အလုပ်သမား ၃၀၀ ခန့်ရှိသည့်အထဲ ဒေသခံအလုပ်သမားမှာ ၅၄ ဦးသာတွေ့ရကြောင်း ကျောက်ဖြူလွှတ်တော်အမတ်ဟောင်း ဦးဖိုးစံထံမှ သိရသည်။
ယခင်စီမံကိန်းများကဲ့သို့ လက်ရှိဓာတ်အားပေးစက်ရုံစီမံကိန်းတွင် ဒေသခံများမှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုမှာ အလွန်နည်းပါးကြောင်း ဂုံးချိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးကြည်ကပြောသည်။
“ဒေသခံလူထုကလည်း အလုပ်အကိုင်အခွင့်အလမ်းရမယ်လို့ မမြင်ဘူး။ အရင်တုန်းက စီမံကိန်းတွေမှာလည်း တည်ဆောက်ရေးကာလမှာ သူတို့လုပ်ငန်းတွေအမြန်ပြီးစီးအောင် စကားလုံးလှလှလေးတွေပြောပြီး မက်လုံးပေးတယ်။ အားလုံးအလုပ်ပေးမယ်ဘာညာပေါ့။ စီမံကိန်းပြီးစီးသွားရင် ဒေသခံတွေကိုလှည့်ကြည့်တာ၊ ငဲ့ညှာတာ မရှိတော့ဘူး။ ဒါကြောင့် အခုလည်း ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းတွေရမယ်လို့ မမြင်မိဘူး”ဟု ၎င်းကဆိုသည်။
လက်ရှိတည်ဆောက်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် Power China ကုမ္ပဏီမှ မြေဧက ၄၄ ဧကနှင့် မြန်မာလျှပ်စစ်လုပ်ငန်းမှ ၁၅ ဧက ပါဝင်အသုံးပြုထားသည်။ ယင်းအထဲမှ စက်ရုံတည်ဆောက်မှုတွင် မြေ ၁၅ ဧကနှင့် စက်ရုံအားအအေးပေးစနစ်အသုံးပြုလည်ပတ်နိုင်ရန်အတွက် ရေကန်တည်ဆောက်ရာတွင် မြေ ၄၄ ဧက အသုံးပြုထားကြောင်း သိရသည်။