ကျောက်ဖြူတွင် တည်ဆောက်နေသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး စက်ရုံကို ၂၀၂၃ တွင် အပြီးတည်ဆောက်မည်

ကျောက်ဖြူမြို့နယ်၊ ကန့်ကော်တောဘုရားအနီးတွင်တည်ဆောက်နေသော သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို လာမည့် ၂၀၂၃ ခုနှစ်၊မေလတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု ကျောက်ဖြူခရိုင်လျှပ်စစ်ဦးစီးဌာနမှ သိရသည်။

16 Jun 2022

ကျောက်ဖြူတွင် တည်ဆောက်နေသည့် သဘာဝဓာတ် ငွေ့နှင့် စွန့်ပစ်အပူသုံး စက်ရုံကို ဇွန်လ ၁၄ ရက်နေ့က ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအဖွဲ့ သွားရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)

DMG ၊ ဇွန် ၁၆

ကျောက်ဖြူမြို့နယ်၊ ကန့်ကော်တောဘုရားအနီးတွင်တည်ဆောက်နေသော သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို လာမည့် ၂၀၂၃ ခုနှစ်၊မေလတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု ကျောက်ဖြူခရိုင်လျှပ်စစ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၈၁ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သည်။စက်ရုံလည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်ပြီး ၁ ယူနစ်လျှင် ၈ ဒသမ ၅၉ ဆင့် နှုန်း ဖြင့် ဖြန့်ချိနိုင်မည်ဟု သိရသည်။

“ဓာတ်အားထွက်လို့ ရှိရင်တော့ မဟာဓာတ်အားလိုင်းထဲကို ထည့်မှာဖြစ်တယ် ။ ၂၀၂၃ ခု နှစ် မေလမှာ အပြီး တည်ဆောက်မှာ ဖြစ်တယ်။ အခုပြီးစီးမှုရာခိုင်နူန်းက တော့ ၈၁ ရာခိုင်နူန်းရှိနေပြီဖြစ်တယ်”ကျောက်ဖြူခရိုင် လျှပ်စစ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းစိုးက DMG သို့ ပြောသည်။

အဆိုပါ စက်ရုံတွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော မြန်မာနိုင်ငံတွင် ပထမဦးဆုံးအသုံးပြုမည့် စွမ်းအားအမြင့်ဆုံး နှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရေး ဆောင် ရွက်လျက်ရှိသည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် စက်ရုံလည်ပတ်စဉ်ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး လုပ်ငန်း(EPGE)မှ အင် ဂျင်နီယာများအား စက်ရုံတွင် ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှု ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများ အား လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဟုလည်း ဖော်ပြထားသည်။

ကျောက်ဖြူတွင် လက်ရှိပြုလုပ်နေသည့် စီမံကိန်းအများစုမှာ ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်ခြင်းမရှိ သဖြင့် ဒေသခံများအတွက် မည်သည့် အကျိုးရလာဒ် ရမည်ကို မသိရဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။

“ဆိုတော့ စက်ရုံမဆောက်မီ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်။ဒေသခံတွေအတွက် ဘာက ကောင်းကျိုးဖြစ်မယ်ဆိုတာကိုပေါ့။အခုလုပ်ပြီးမှ ချပြတော့ ဘာမှလုပ်လို့မရတော့ဘူး။နောက်ထပ် ဘာဆိုးကျိုး တွေ ထပ်ဖြစ်လာမယ်ဆိုတာကို စောင့်ကြည့်ရမယ်ပေါ့ ”ဟု ၎င်းကဆိုသည်။

အဆိုပါ စက်ရုံသို့ ဇွန်လ ၁၄ ရက်နေ့က စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အဖွဲ့ လာရောက် လေ့လာခဲ့သည်။ အဆိုပါ စက်ရုံသည် ဒေသအတွက် များစွာ အကျိုးရှိနိုင်မည့် အခြေအနေများ၊ စက်ရုံစီမံကိန်း အကောင် အထည်ဖော်မှုနှင့် စက်ရုံလည်ပတ်ချိန်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက် မှုမရှိစေရေး ဆောင်ရွက်ရန် အခြေအနေများကို ပြောကြားခဲ့သည်ဟု သိရသည်။