စစ်တွေမြို့ ကျေးတောရွာမကျေးရွာတွင် လမ်းသွား၊ လမ်းလာများကို ရဲနှင့်စစ်တပ်ကစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောရွာမကျေးရွာတွင် လမ်းသွားလမ်းလာများကို ယမန်နေ့(မတ် ၂၀)ည ၁၀ နာရီခန့်က ရဲနှင့်စစ်တပ်တို့က စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

21 Mar 2022

စစ်တွေမြို့ပေါ်တွင် ၂၀၂၁ ခုနှစ်က စစ်တပ်ယာဉ်သွားလာနေမှုအား တွေ့ရစဉ်။

DMG ၊ မတ် ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောရွာမကျေးရွာတွင် လမ်းသွားလမ်းလာများကို ယမန်နေ့(မတ် ၂၀)ည ၁၀ နာရီခန့်က ရဲနှင့်စစ်တပ်တို့က စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

ကျေးတောရွာမအဝင်လမ်းတွင် အင်အား ၅၀ ခန့်ဖြင့် ထိုသို့စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်စစ်ဆေးသည်ကိုမသိရကြောင်း စစ်ဆေးခံခဲ့ရသည့်ကျေးရွာရွာမကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့်ကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။

“ကျွန်တော်ရွာကိုဝင်တော့ စစ်သားတွေက ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ ဆိုင်ကယ်ဘောက်စ်ကိုဖွင့်ခိုင်းတယ်။ ဆဲဆိုပြီးတော့စစ်တာ။ ဘာဖြစ်လို့စစ်တာလည်းမေးတော့ ဒီအတိုင်းစစ်တာလို့ပြောတယ်။ စစ်တာကတော့ စစ်သားတွေစစ်တာ။ ရိုးရိုးစစ်တာမဟုတ်ဘူး၊ ဆဲဆိုပြီးတော့စစ်တာ”ဟု ၎င်းကဆိုသည်။

ကျေးတောရွာမကျေးရွာအဝင်လမ်းတွင် မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုမှ တပ်စွဲထားပြီး လမ်းသွား၊လမ်းလာများကို အချိန်အခါမရှိ စစ်ဆေးမှုများရှိကြောင်းလည်း ထိုကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“ကျွန်တော်တို့ရွာအဝင်မှာ စစ်ကြောင်းတစ်ခုက တပ်စွဲထားတာရှိတယ်။ ဘယ်တပ်ရင်းကလည်းဆိုတာတော့ မသိဘူး။ သူတို့စစ်ချင်တဲ့အချိန်စစ်တယ်။ တချို့နေတွေဆိုရင် နေ့လည်ဆိုရင်လည်းစစ်တယ်။ ဘာဖြစ်လို့စစ်တာလည်းဆိုတာ မသိဘူး”ဟု ၎င်းကဆိုသည်။

မတ်လ ၂၀ ရက်နေ့ညနေပိုင်းတွင် ထိုသို့စစ်ဆေးမှုများရှိခဲ့သည်မှာမှန်ကန်ပြီး မည့်သည်အတွက် စစ်ဆေးမှုများရှိခဲ့သည်ကို မသိရကြောင်း ကျေးတောရွာမကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးဝင်းသာက DMG သို့ပြောဆိုသည်။

ထိုသို့စစ်ဆေးမှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက “စစ်ဆေးတာကတော့ ဘာရယ်လိုတော့မဟုတ်ဘူး။ တာဝန်အရစစ်ဆေးရတာ၊ အဲဒါတွေက နေရာတိုင်းမှာစစ်ဆေးမှုတွေရှိတယ်”ဟု ပြောသည်။

ထိုသို့စစ်ဆေးခြင်းနှင့်ပတ်သက်၍ဒသိရှိနိုင်ရန် ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရထံ DMG ကဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သူတစ်ဦးက အစည်းအဝေးဝင်နေသည့်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နာဇီ(စက်ရုံစု)ရပ်ကွက်မှ နေအိမ်များကိုလည်း စစ်တပ်၊ ရဲ၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်များ ပူးပေါင်းကာ မတ်လ ၁၇ ရက်နေ့ ည ၉ နာရီခန့်က ဧည့်စာရင်းစစ်ဆေးမှုများရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတချို့ကို စစ်တပ်ခေါ်ယူကာ အိမ်ထောင်စု၊ လူဦးရေစာရင်းများကိုစစ်ဆေးခဲ့သည့်အပြင် ULA/AA နှင့်ဆက်သွယ်မှုရှိ၊မရှိကိုလည်း စစ်ဆေးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်အထိကြာမြင့်လာနေပြီဖြစ်ပြီး လက်ရှိမှာ စစ်တပ်က ကျေးရွာတချို့ကိုဝင်ရောက်စစ်ဆေးမှုများရှိနေသည်။