- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လက္ကာရွာသား ၂၀ ကျော်အမှု အမိန့်ချမည့်နေ့ ထပ်မံရွှေ့ဆိုင်း
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီးပြီဖြစ်သော်လည်း ယနေ့(နိုဝင်ဘာ ၅ ရက်နေ့)ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
05 Nov 2021
DMG ၊ နိုဝင်ဘာ ၅
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီးပြီဖြစ်သော်လည်း ယနေ့(နိုဝင်ဘာ ၅ ရက်နေ့)ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
လက္ကာကျေးရွာသားများကို ယနေ့ရုံးချိန်းတွင် အမိန့်ချမှတ်ရန်ချိန်းဆိုထားသော်လည်း တရားရုံးမှ အဆင်သင့်မဖြစ်သေးဟုဆိုကာ အမိန့်မချမှတ်ခဲ့ကြောင်း မင်းထီး Law Firm အဖွဲ့မှ အထက်တန်းရှေ့နေ ဦးခိုင်သန့်ဇင်ကပြောသည်။
“တရားရုံးကအမိန့်ချဖို့အတွက် အဆင်အသင့်မဖြစ်သေးလို့ဆိုပြီး ဒီနေ့မှာအမိန့်မချဖြစ်ခဲ့ဘူးပေါ့။ တရားသူကြီးအပြောင်းအရွှေ့ရှိတယ်။ အဲဒါကြောင့်မို့ အမိန့်မချဖြစ်ခဲ့တာလည်းဖြစ်တယ်”ဟု ရှေ့နေဦးခိုင်သန့်ဇင်က ပြောသည်။
လက္ကာကျေးရွာသားများအမှုကို လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံလက္ကာကျေးရွာသားများ လွတ်မည်ဆိုသည့်မျှော်လင့်ချက်နှင့် မိသားစုဝင်များအားလုံး ယနေ့တရားရုံးသို့ ရောက်ရှိလာကြသည်။
“ကျွန်မတို့ဒီကိုလာဖို့ ပိုက်ဆံမရှိဘူး။ ရွာကဆရာတော်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဆီက လမ်းစရိတ်ပေးလို့ရောက်လာတာ။ ဒီနေ့အမိန့်ချမယ်ဆိုလို့လာတာ။ အထက်က အမှုရုပ်သိမ်းမယ့်စာကို စောင့်နေတယ်လို့သိရတယ်။ အဲဒီစာကျမှ လွှတ်ပေးမယ်လို့ပြောတယ်"ဟု လက္ကာကျေးရွာမှဖမ်းဆီးခံထားရသူ ကိုခင်မောင်စိုး ဇနီး မသိန်းယေကပြောသည်။
လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။
အဆိုပါကျေးရွာသားများကို ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။
ရက္ခိုင့်တပ်တော်(ULA/AA)ကို ၂၀၂၁ မတ် ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ရခိုင်ပြည်အတွင်းမှ အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံထားရသူများ၏ အမှုအချို့ကိုရုပ်သိမ်းကာ ပြန်လွှတ်ပေးမှုများရှိလာသည်။
သို့သော် လက္ကာကျေးရွာသားများကဲ့သို့ နှစ်ရှည်ကြာချုပ်နှောင်ခံနေကြရသည့်အမှုများမှာ ယနေ့အချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးပေ။
အပြစ်မဲ့ပြည်သူများကို လူသားမဆန်စွာ နှစ်ရှည်ကြာချုပ်နှောင်ထားခြင်းကိုကန့်ကွက်ကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
“သူတို့ကို အမြန်ဆုံးတရားစီရင်ပြီးတော့ လွှတ်ပေးသင့်ပြီလို့ တိုက်တွန်းချင်တယ်။ လွှတ်လည်းလွှတ်ပေးဖို့ကောင်းနေပါပြီ။ လူသားတွေအနေနဲ့ ဒီလောက်ထိ လူသားမဆန်စွာချုပ်နှောင်ထားဖို့မသင့်ဘူးလို့ပြောချင်တယ်”ဟု ဒေါ်ညိုအေးကပြောသည်။
ရခိုင်ပြည်တွင် နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့်ဖမ်းဆီးခံရသူ ၂၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိတွင် မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိကျန်ရှိနေသေးသည်။