- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင် COVID-19 ရောဂါကူးစက်ခံရသည့် ဒုတိယခရိုင်ရဲမှူးတစ်ဦး သေဆုံး
COVID-19 ရောဂါကူးစက်ခံရပြီး ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် ကျောက်ဖြူခရိုင် ဒုတိယခရိုင်ရဲမှူးတစ်ဦးသည် ဇူလိုင် ၁၂ ရက် ည ၁၁ နာရီဝန်းကျင်က သေဆုံးသွားခဲ့သည်ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးက DMG သို့ အတည်ပြုပြောကြားသည်။
13 Jul 2021
DMG၊ ဇူလိုင် ၁၃
COVID-19 ရောဂါကူးစက်ခံရပြီး ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် ကျောက်ဖြူခရိုင် ဒုတိယခရိုင်ရဲမှူးတစ်ဦးသည် ဇူလိုင် ၁၂ ရက် ည ၁၁ နာရီဝန်းကျင်က သေဆုံးသွားခဲ့သည်ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးက DMG သို့ အတည်ပြုပြောကြားသည်။
"သူကရဲမှူးပါ၊ ရောဂါအခံကတော့ ဆီးချို၊ သွေးချိုရှိတယ်၊ မနေ့က ည ၁၁ နာရီ ၁၅ မှာ ဆုံးသွားတာပါ"ဟု ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဆွေက ပြောကြားသည်။
ယင်းသို့သေဆုံးခဲ့သည့်ရဲမှူးမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါအခံရှိပြီး ဇူလိုင် ၁၁ ရက်နေ့က COVID-19 ရောဂါပိုးကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာမှ ယမန်နေ့ ဇူလိုင် ၁၂ ရက် ညပိုင်းကသေဆုံးသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဆွေ၏ပြောကြားချက်အရ သိရသည်။
သေဆုံးသွားသည့် ဒုတိယခရိုင်ရဲမှူးနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ၂ ဦးကို ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးထားပြီး ရုံးရှိ ရဲဝန်ထမ်းများကိုလည်း Home Quarantine အဖြစ် ထားထားသည်ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။
ယမန်နေ့ ဇူလိုင် ၁၂ ရက် တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာများထဲမှ ခရိုင်အဆင့်ရှိ လမ်းဦးစီးဌာနမှ အရာရှိတစ်ဦးသေဆုံးခဲ့ရပြီး ယခုကဲ့သို့ ဒုတိယခရိုင်ရဲမှူးတစ်ဦးပါ ထပ်မံသေဆုံးခဲ့ရခြင်းဖြစ်သည်။
ကျောက်ဖြူခရိုင်တွင် COVID-19 ကူးစက်မှုအခြေအနေ၊ သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍လည်း ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက "ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ COVID အတည်ပြုလူနာ ၆၀ ကျော်ရှိနေပြီပေါ့။ အဲဒီထဲက ၁၁ ရက်နေ့မှာ ရောဂါအခံရှိတဲ့ လူနာတစ်ဦးဆုံးသွားတယ်။ ၁၂ ရက်နေ့ နေ့လည်မှာတော့ ခရိုင်လမ်းဦးစီးမှူးတစ်ဦး ဆုံးသွားတယ်။ သူလည်း အသက်ရှူရခက်တဲ့ ရောဂါအခံရှိတယ်လို့သိရတယ်။ အဲဒီနေ့ညမှာပဲ ရဲဒုခရိုင်မှူးတစ်ဦးထပ်ဆုံးသွားတယ်။ သူလည်း ဆီးချို၊သွေးတိုးရှိတယ်လို့ သိရတယ်။ အခုဆိုရင် ၂ ရက်အတွင်းမှာ သုံးဦးဆုံးသွားပါပြီ" ဟု ပြောကြားသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 အတည်ပြုလူနာ ၆၁ ဦးရှိပြီဖြစ်ပြီး ဇူလှိုင် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ ၂ ရက်အတွင်း သေဆုံးသူ သုံးဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။