- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရသေ့တောင်မြို့နယ်တွင် ဓားပြတိုက်ပြီး ကျွဲများကိုယူဆောင်သွားမှုဖြစ်ပွားခဲ့
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ခမောင်းတုန်းကျေးရွာတွင်နေထိုင်သည့် လယ်သမားတစ်ဦးထံမှ ဒီဇင်ဘာ ၂၁ ရက် ညနေ့ ၁၀ ကျော်အချိန်တွင် အမည်မသိလူတစ်စုမှ ဓားပြတိုက်ပြီး ကျွဲများကို လုယူသွားခဲ့ကြောင်း ကာယကံရှင်က DMG သို့ ပြောသည်။
22 Dec 2020
ဉာဏ်ဟိန်း ၊ အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၂၂ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ခမောင်းတုန်းကျေးရွာတွင်နေထိုင်သည့် လယ်သမားတစ်ဦးထံမှ ဒီဇင်ဘာ ၂၁ ရက် ညနေ့ ၁၀ ကျော်အချိန်တွင် အမည်မသိလူတစ်စုမှ ဓားပြတိုက်ပြီး ကျွဲများကို လုယူသွားခဲ့ကြောင်း ကာယကံရှင်က DMG သို့ ပြောသည်။
ခမောင်းတုန်းကျေးရွာမှ လယ်သမားဦးမောင်စောသန်းမှာ ရွာနှင့် တစ်ဖာလုံခန့်အကွာအဝေးရှိ ၎င်း၏တဲထဲတွင် ညအိပ်နေစဉ် ဓါးများကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုမှ လာရောက်ကာ ကျွဲများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သူကရှင်းပြသည်။
“လူတွေက ကျနော့်တဲကိုဝင်လာပြီးတော့ ကျနော့်ကို ကြိုးနဲ့နောက်ပြန်ချည်တယ်။ ပြီးတော့ ဓားနဲ့ ထောက်ထားတယ်။ ကျနော့်မှာ ကျွဲခုနှစ်ကောင်ပါသွားတယ်” ဟု ၎င်းကဆိုသည်။
ထိုသို့ လုယူခံရသည့် ကျွဲခုနှစ်ကောင်မှာ ကာလတန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၇၀ ကျော်ခန့်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ စစ်တွေမြို့သို့ ရောက်ရှိနေသဖြင့် သူအနေဖြင့် မသိသေးကြောင်းပြောသည်။
အလားတူ မာန်အောင်မြို့နယ်၌လည်း ယခုရက်ပိုင်းအတွင်း နွားအကောင် ၂၀ ခန့်ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသခံများကဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ ညအချိန်တွင် နွားနှစ်ကောင်ပျောက်ဆုံးသွားခဲ့ကြောင်း မာန်အောင်မြို့နယ် သိမ်ကုန်း ကျေးရွာမှ ဦးညီထွေးက ပြောသည်။
“နွားတဲထဲမှာ ချည်ထားဒါကို ခိုးယူသွားတာ။ မနက်နွားလွှတ်ဖို့သွားတော့ မရှိတော့ဘူး” ဟု ၎င်းကဆိုသည်။
ယခုနှစ်အတွင်း သိမ်ကုန်းကျေးရွာတစ်ရွာတည်းမှ နွားလေးကောင်ခန့်အထိ ပျောက်ဆုံးမှုရှိခဲ့ကြောင်း ဒေသခံ များကဆိုသည်။ ယင်းသို့ နွားပျောက်ဆုံးမှုများအား ရဲစခန်းတွင်သွားရောက်တိုင်ကြားထားသော်လည်း ထူးခြားမှု မရှိသေးကြောင်း ပြောသည်။
သိမ်ကုန်းကျေးရွာ ဒေသခံ ကိုညီလေးက “ရဲစခန်းကိုသွားတိုင်တော့ ရှာပေးမယ်ပြောတယ်။ ဒါပေမဲ့ သူတို့ သွားစရိတ်တွေကို ကျခံရတော့ နွားပျောက်လို့ကုန်တာကတစ်ခု၊ သူတို့ကိုပေးလို့ ကုန်တာကတစ်ခု၊ ကျနော်တို့လည်း နှစ်ဖက်ကုန်တယ်”ဟု ဆိုသည်။
ပျောက်ဆုံးနေသည့်နွားများနှင့်ပတ်သက်ပြီး လိုက်လံစုံစမ်းမှုများပြုလုပ်နေကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ ဂတ်စရေး ဇော်ဝင်းမြင့်ကပြောသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းမှ ကြိမ်ခွေမော်၊ မနော်သီရိ၊ ချောင်းနွယ်၊ ဆားပြင် စသည့်ကျေးရွာ တို့တွင်လည်း နှစ်စဉ်နှစ်တိုင်း ကျွဲ၊ နွားအကောင်ရေ ၁၀ မှ ၃၀ ခန့်အထိ ပျောက်ဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။