လက္ကာရွာသားများအမှုကို အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေခြင်းမှာ အမှုရုပ်သိမ်းပေးမည်ကို တရားရုံးကစောင့်ကြည့်နေခြင်းဟုဆို

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများ၏အမှုကို တရားရုံးက အမိန့်မချဘဲ ရုံးချိန်းများသာချိန်းဆိုလျက်ရှိနေသည်။

30 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၀

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများ၏အမှုကို တရားရုံးက အမိန့်မချဘဲ ရုံးချိန်းများသာချိန်းဆိုလျက်ရှိနေသည်။

ယင်းအမှုကိုအမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ (၆)ကြိမ်ခန့်ရှိပြီဖြစ်ကာ ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)တွင်လည်း အမိန့်မချဘဲ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

လက္ကာကျေးရွာသားများအမှုကို အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေခြင်းမှာ အမှုရုပ်သိမ်းပေးမည်ကို တရားရုံးကစောင့်ကြည့်နေသည့်အတွက်ကြောင်းဖြစ်သည်ဟု မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

“အမိန့်မချဖြစ်တာကတော့ အစိုးရက အမှုရုပ်သိမ်းဖို့ရှိတယ်လို့ပြောထားတာရှိတယ်။ အမှုတွေကို ရုပ်သိမ်းပေးတာတွေလည်းရှိတယ်။ ဒါကြောင့် တရားရုံးကလည်း အစိုးရကအမှုတွေ ရုပ်သိမ်းပေးမယ်ဆိုတာကိုစောင့်ကြည့်တယ်ပေါ့။ အဲဒီလိုပဲပြောရတော့မယ်”ဟု ၎င်းကပြောသည်။

အဆိုပါအမှုကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကို ထပ်မံရုံးချိန်းထားကြောင်း သိရသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါကျေးရွာသားများမှာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ၊ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ-၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

လက္ကာကျေးရွာသားများအမှုကို ပြတ်ပြတ်သားသားလုပ်ဆောင်သင့်သည်ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

“အမှုကိုရုပ်သိမ်းမယ်ဆိုရင်လည်း ရုပ်သိမ်းပေး၊ ဒါမှမဟုတ် ပြစ်ဒဏ်ပေးမယ်ဆိုရင်လည်း ပြစ်ဒဏ်ပေး။ အဲလိုမျိုးပြတ်ပြတ်သားသားမလုပ်ဘဲနဲ့ ဒီလိုရက်ရှည်ဆွဲထားတာကတော့ အမှုသည်တွေအတွက် အရမ်းနစ်နာတယ်”ဟု ဒေါ်ညိုအေးက ပြောသည်။

NLD အစိုးရလက်ထက်တွင် အကြမ်းဖက်နှင့် မတရားအသင်းအဖြစ်ကြေညာခံထားရသည့် (ULA/AA)ကို စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေငြာမီအချိန်ကနေ လက္ကာကျေးရွာသားများဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့အချိန်ထိ လွတ်မြောက်ခြင်း မရှိသေးပေ။

လက်ရှိရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေချိန်တွင် အပြစ်မရှိဘဲသံသယဖြင့်ချုပ်နှောင်ခံထားရသူများကို လွှတ်ပေးသင့်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်ကပြောသည်။

“ဘာပဲဖြစ်ဖြစ် သံသယရှိတဲ့အမှုဆိုတော့ မလုပ်စေချင်ဘူး။ မြန်မြန်ဆန်ဆန်နဲ့ အကုန်လုံးလွှတ်ပေးဖို့တောင်းဆိုချင်တယ်။ နှစ်ဖက်လက်နက်ကိုင်ကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရမယ့် အချိန်ဖြစ်တဲ့အတွက် လွှတ်ပေးဖို့သင့်တယ်လို့ပြောချင်တယ်” ဟု ဦးကျော်လွင်ကဆိုသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲနှစ်နှစ်တာကာလအတွင်း အေအေနှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိကြောင်း ဖမ်းဆီးခံရသူများ၏စာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ယင်းသို့ဖမ်းဆီးခံထားရသူများထဲမှ စစ်ကောင်စီက အမှုရုပ်သိမ်းပေး၍ ပြန်လည်လွတ်မြောက်လာသူ ၁၀၂ ဦရှိပြီဖြစ်သည်။