- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် မိုင်းပေါက်ကွဲမှုများပြားလာသောကြောင့် မိုင်းရှင်းလင်းပေးရန်လိုအပ်နေ
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသော်လည်း စစ်တွင်းအသုံးပြုခဲ့သော မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများ သိသိသာသာတိုးမြင့်လာနေသောကြောင့် စစ်ကောင်စီအနေဖြင့် မိုင်းများကို အမြန်ဆုံးရှင်းလင်းပေးရန်လိုအပ်သည်ဟု ဒေသခံများကပြောကြသည်။
15 Jul 2022
DMG ၊ ဇူလိုင် ၁၅
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသော်လည်း စစ်တွင်းအသုံးပြုခဲ့သော မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများ သိသိသာသာတိုးမြင့်လာနေသောကြောင့် စစ်ကောင်စီအနေဖြင့် မိုင်းများကို အမြန်ဆုံးရှင်းလင်းပေးရန်လိုအပ်သည်ဟု ဒေသခံများကပြောကြသည်။
တိုက်ပွဲရပ်တန့်ပြီးနောက် မြန်မာစစ်တပ်က မိုင်းရှင်းလင်းမှုပြုလုပ်ခဲ့သည်ဆိုသော်လည်း ရန်ကုန်-စစ်တွေကားလမ်းမများနှင့် တခြားကားလမ်းမများကို အဓိကရှင်းလင်းခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော ကျေးလက်ဒေသများ၊ တောတောင်များကို မိုင်းရှင်းလင်းမှုမရှိခဲ့ဟု ဒေသခံများထံမှသိရသည်။
ထို့ကြောင့် တိုက်ပွဲကာလအတွင်း ကျန်ရှိခဲ့သည့်မိုင်းများကြောင့် ထိခိုက်သေဆုံးမှု တဖြည်းဖြည်းများလာသဖြင့် စစ်ကောင်စီအနေဖြင့် ပြည်သူများ၏အသက်ကို ငဲ့ညှာပြီး မိုင်းရှင်းလင်းပေးရန် လိုအပ်သည်ဟု မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရွှေသန်းကျော်ကဆိုသည်။
"အခု မိုင်းထပေါက်ပြီးသေနေတဲ့နေရာတွေက သူတို့မိုင်းရှင်းပေးခဲ့တဲ့နေရာတွေမှာ မဟုတ်ဘူး။ အမှန်တကယ် မိုင်းရှင်းပေးဖို့လိုအပ်တဲ့နေရာတွေကျ သူတို့မရှင်းပေးခဲ့ဘူး။ အခုဆို တိုက်ပွဲမရှိလည်း စစ်ကျန်မိုင်းပေါက်ကွဲမှုက အမြဲလိုလိုရှိလာနေတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းပေးဖို့လိုအပ်လာပြီ။ ပြည်သူတွေကိုငဲ့ညှာ တယ်ဆိုရင် မိုင်းရှင်းလင်းမှုတွေအဆက်မပြတ်လုပ်ဆောင်ပေးပါ"၎င်းကပြောသည်။
လတ်တလောတွင် မိုင်းပေါက်ကွဲမှုအများဆုံးမှာလည်း မြန်မာစစ်တပ်က မိုင်းရှင်းလင်းခဲ့သော ကားလမ်းမများ တွင် မဟုတ်ဘဲ ကျေးလက်ဒေသများနှင့် တောတောင်များသာဖြစ်သည်ကို တွေ့ရသည်။
"ကိုယ့်ပိုင်နက်မှာကိုယ်အေးဆေးအလုပ်လုပ်နေလည်းမိုင်းပေါက်သေတာပဲ။သူတို့ရှိတဲ့အနီးအနားကိုသွားလည်း မိုင်းပေါက်သေတယ်။ဆင်းရဲလို့ တောတောင်ကို ဟင်းရှာ၊ဝါးခုတ်သွားလည်း မိုင်းကထပေါက်တယ်။ ကျနော်တို့ ပြည်သူတွေဘယ်လိုရှာစားရတော့မလဲ။အခုဆိုရင် လယ်ကွင်းကိုတောင်မဆင်းရဲတော့ဘူး။ လယ်ကွင်းထဲက မိုင်းထပေါက်မှာကိုကြောက်နေရတယ်" ကျောက်တော်မြို့နယ်၊ မျာလီကန်ကျေးရွာမှ ကိုနေလင်းဦးကပြောသည်။
မြန်မာစစ်တပ်က မိုင်းရှင်းလင်းခဲ့သည်ဆိုခြင်းမှာ ဝဋ်ကျေတန်းကျေသဘောဖြစ်သောကြောင့် အားရကျေနပ်မှုမရှိဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဝေဖန်သည်။
"အခုမိုင်းထပေါက်နေတာက စစ်တပ်စခန်းချခဲ့တဲ့နေရာတွေမှာချည်း ထပေါက်နေတာ။ သူတို့ဖက်က မိုင်းရှင်းလင်းပေးတယ်လို့တော့ မီဒီယာတွေမှာမြင်လိုက်တယ်ပေါ့နော်။ ဒါပေမဲ့ အမှန်တကယ်လိုအပ်တဲ့နေရာတွေကျ သူတို့မရှင်းလင်းပေးဘူး။ တကယ်လို့ မိုင်းမရှင်းလင်းပေးနိုင်ရင်တောင် သူတို့ရဲ့မြေမြှုပ်မိုင်းတွေမြှုပ်ထားတဲ့ ဧရိယာတွေကိုမလာဖို့ ပြည်သူတွေကို သတိပေးထားသင့်တယ်။ အခုက လုပ်တော့လုပ်ပေမဲ့ မထိရောက်တဲ့အတွက် ဒါဟာဝဋ်ကျေတန်းကျေ လုပ်ပြခဲ့တာလိုပဲ ကျနော်မြင်တယ်" ဟု ၎င်းကဆိုသည်။
စစ်ရေးငြိမ်သက်နေသည့်ကာလတွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကိုယ်စီထောင်ထားသည့် မိုင်းများကို နှစ်ဖက်ညှိနှိုင်းပြီးသော်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း ရှင်းလင်းသင့်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကအကြံပြုသည်။
"အရင်တုန်းက စစ်ကောင်စီက ကားလမ်းမတွေမှာမိုင်းရှင်းတာကလည်း ပြည်သူတွေအတွက်ဆိုတာထက် သူတို့တပ်ဖွဲ့ဝင်တွေ သွားလာတဲ့အခါမှာ မထိခိုက်အောင်လို့ ရှင်းတဲ့ပုံပေါက်တယ်။ မိုင်းတွေက ကားလမ်းမတွေမှာထက် ပြည်သူတွေလုပ်ကိုင်စားသောက်နေတဲ့ တောတောင်တွေမှာပဲပိုများတယ်။ ဒါကြောင့် အဲဒီနေရာတွေကိုပဲ အဓိကမိုင်းရှင်းလင်းပေးဖို့လိုအပ်တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ရခိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ စစ်ကျန်လက်နက်နှင့် မိုင်းပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်များအပါအဝင် ဒေသခံ ၂၀ ဦးဒဏ်ရာရရှိခဲ့ပြီး ၆ ဦးသေဆုံးခဲ့ရသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ မြေပုံနှင့် ပလက်ဝမြို့နယ်တို့တွင် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလပထမပတ် အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။