- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဆုံးရှုံးထားသည့်စခန်းများ ပြန်ရရေး မောင်တောနှင့် ပလက်ဝတွင် မြန်မာစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေဟု AA ပြော
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်က ဆုံးရှုံးလိုက်ရသည့်တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် ယခုရက်ပိုင်းအတွင်း အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။
15 Sep 2022
DMG ၊ စက်တင်ဘာ ၁၅
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်က ဆုံးရှုံးလိုက်ရသည့်တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် ယခုရက်ပိုင်းအတွင်း အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။
မြန်မာစစ်တပ်က မောင်တောမြောက်ပိုင်းမှ စခန်းအချို့နှင့် ပလက်ဝမြို့နယ်မှ စခန်းအချို့ကို ဆုံးရှုံးလိုက်ရသည့်အတွက် အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးပစ်ကူများ၊ ဂျက်တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်နေသည့်အတွက် အဆိုပါမြို့နယ်များတွင် တိုက်ပွဲပြင်းထန်လာနိုင်သည်ဟုဆိုသည်။
ဦးခိုင်သုခက “မြန်မာစစ်တပ်က ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း သူတို့ဆုံးရှုံးလိုက်ရတဲ့ မောင်တောမြောက်ပိုင်း မိုင်တိုင်(၄၀)စခန်းနဲ့ ခမရ(၃၅၂)စခန်း၊ တခြားပလက်ဝဒေသမှာ ဆုံးရှုံးလိုက်ရတဲ့စခန်းတွေကို ပြန်ရဖို့အတွက် လက်နက်ကြီးပစ်ကူ၊ လေကြောင်းကနေပြီးတော့ ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ကူပေးပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေရှိတယ်။ အဲဒါကြောင့် ရခိုင်နဲ့ ပလက်ဝဒေသမှာ တိုက်ပွဲတွေဆက်ပြီးတော့ ပြင်းထန်လာဖို့ အခြေအနေတွေရှိတယ်”ဟု ပြောသည်။
မြန်မာစစ်တပ်ကို AA ဘက်က ရိက္ခာပြတ်တောက်ခြင်း၊ ထောက်ပို့ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားခြင်းတို့ကြောင့် စစ်မြေပြင်တွင် မြန်မာစစ်တပ်က အားနည်းချက်များစွာရှိနေသည်ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကသုံးသပ်သည်။
သို့သော် ရခိုင်ဒေသကို လုံးဝလက်လွှတ်မခံလိုသည့် အခြေအနေကြောင့် မြန်မာစစ်တပ်က အင်အားသုံးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း ဦးဖေသန်းကဆိုသည်။
“ပြည်မမှာ ဖြစ်နေတဲ့ကိစ္စတွေက သီးခြားခွဲထွက်သွားနိုင်တဲ့ အခြေအနေမျိုး မရှိဘူးပေါ့။ သူတို့ ထိန်းနိုင်တယ်ပေါ့။ ရခိုင်ပြည်အခြေအနေကတော့ သူတို့ ထိန်းနိုင်ဖို့မလွယ်ဘူး။ ဒါကြောင့် စစ်ကောင်စီဟာ ပိုပြီးတော့ အင်အားတိုးချဲ့ပြီးတော့ ရခိုင်ပြည်စစ်ရေးအခြေအနေကို ထိန်းလာတာလို့မြင်တယ်”ဟု ၎င်းကဆိုသည်။
လက်ရှိ တကျော့ပြန်စစ်ပွဲသည့် ရခိုင်တစ်ပြည်နယ်လုံးတွင် ပြင်းထန်ခြင်းမျိုးမဟုတ်ဘဲ ပလက်ဝနှင့် မောင်တောနယ်စပ်တို့တွင် အဓိကဖြစ်ပွားနေခြင်းဖြစ်သည်။
အဆိုပါဒေသများတွင် မြန်မာစစ်တပ်က ၎င်းတို့၏တပ်စခန်းများကို အသိမ်းခံရခြင်းအပြင် တပ်ဆုပ်လိုက်သည့်စခန်းများလည်းရှိသဖြင့် AA အတွက် နယ်မြေပိုမိုကျယ်ပြန့်လာနေကြောင်းလည်း ရခိုင့်နိုင်ငံရေးသမားတို့က ပြောဆိုကြသည်။
ယနေ့(စက်တင်ဘာလ ၁၅ ရက်) ညနေ ၄ နာရီခန့်တွင်လည်း မောင်တောမြို့နယ် မိုင်တိုင်(၃၅) မီးတိုက်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က တောင်ပြိုစခန်းမှ လက်နက်ကြီးပစ်ကူပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ပြိုမြို့မှ ဒေသခံတစ်ဦးက “ဒီနေ့ညနေ့ပိုင်းကစပြီးတော့ အဲဒီနေရာမှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ အခုချိန်ထိလည်း ဖြစ်နေသေးတယ်။ နောက်ပြီးတော့ မြန်မာစစ်တပ်က တောင်ပြိုမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်”ဟု ပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့်သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက် ရှိနေသည်။ ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။