တိုက်ပွဲတွင် အထိနာခဲ့သော မြန်မာစစ်တပ်က လမ်းများကိုပိတ်ထားဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဆို

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ(၁၃)ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲများနောက်ပိုင်းမှစ၍ အထိနာခဲ့သော မြန်မာစစ်တပ်သည် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း(မြောက်ဘက်ပိုင်း)လမ်းတွင် ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်။

24 Aug 2022

Photo Crd - APM

DMG ၊ သြဂုတ် ၂၄

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ(၁၃)ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲများနောက်ပိုင်းမှစ၍ အထိနာခဲ့သော မြန်မာစစ်တပ်သည် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း(မြောက်ဘက်ပိုင်း)လမ်းတွင် ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်။

တစ်ပြိုင်နက်တည်းတွင် စစ်တွေအမြန်ရေယာဉ်ဆိပ်၊ ရေချမ်းပြင်ဆိပ်နှင့် မောင်တော-ဘူးသီးတောင်လမ်းများတွင်လည်း စစ်ဆေးခြင်းများကို မြန်မာစစ်တပ်က ယခင်ထက်ပို၍ တင်းကျပ်စွာလုပ်ဆောင်လျက်ရှိကြောင်း ULA ၏ သြဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သြဂုတ်လ (၂၀)ရက်နေ့မှစ၍ ဘူးသီးတောင်အခြေစိုက် မြန်မာစစ်တပ်၏ ဗျူဟာဂိတ်မှ ဘူးသီးတောင်-မောင်တောသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များကို ပိတ်ပင်တားမြစ်ကာ ကုန်စည်ရိက္ခာ စီးဆင်းခြင်းကို လုံးဝဖြတ်တောက်လိုက်ကြောင်းနှင့် မောင်တော-အငူမော်ကားလမ်းကြောင်းတစ်လျှောက် မောင်တောမြို့နယ်တောင်ပိုင်းနှင့် မြောက်ဘက်ပိုင်းကျေးရွာများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာဖြန့်ဝေရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများကိုလည်း မြန်မာစစ်တပ်မှ သွားလာခွင့်များကို ကန့်သတ်ပိတ်ပင်လိုက်ကြောင်းဆိုသည်။

လတ်တလောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အထဲတွင် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစနှင့် ကလေးငယ်များ၊ အမျိုးသမီးများပါဝင်ပြီး စစ်ဘေးရှောင်အိမ်ထောင်စု (၄၅၇)စု၊ ကျား(၇၄၄)ဦး၊ မ(၈၇၈)ဦး၊ စုစုပေါင်း (၁၆၂၂)ဦးရှိကြောင်း ULA ကဖော်ပြသည်။

စစ်ဘေးရှောင်များမှာ ကျေးရွာများအတွင်းရှိ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ပြည့်သိပ်စွာ နေထိုင်ရခြင်း၊ မိုးတွင်းကာလဖြစ်သဖြင့် စောင်၊ ခြင်ထောင်များအရေးပေါ်လိုအပ်နေပြီး အမျိုးသမီးလစဉ်သုံး ပစ္စည်းများလည်း လိုအပ်လျက်ရှိသည်ဟုဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်များနေထိုင်သည့်နေရာတွင် ငှက်ဖျား၊ ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများဖြစ်ခဲ့ပါက ဆေးဝါးအခက်အခဲကြောင့် အသက်အန္တရာယ်ဆုံးရှုံးသွားမည်ကို စိုးရိမ်ရကြောင်းလည်း ULA က ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များ၏ အခြေခံစားနပ်ရိက္ခာအတွက် လတ်တလောတွင် ရွာခံများနှင့် နီးစပ်ရာများမှ ကူညီပေးနေသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)မှ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ထောက်ပံ့ပေးနေကြသော အဖွဲ့အစည်းများအား သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားခြင်း၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းများအား ပိတ်ဆို့ထားခြင်းတို့ကြောင့် ရေရှည်တွင် စားနပ်ရိက္ခာရရှိရေး၊ ကျန်းမာရေး၊ နေထိုင်ရေးနှင့် အထွေထွေအခက်အခဲများစွာရှိလာနိုင်သည်ဟုဆိုသည်။

စစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသည့် စားနပ်ရိက္ခာအပါအဝင် အခက်အခဲအကျပ်အတည်းများကို နိုင်ငံတကာနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုများမှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ဝိုင်းဝန်းဖေးမကူညီပေးကြရန် ULA က မေတ္တာရပ်ခံထားသည်။

ထိုသို့အကူအညီပေးမည့်အဖွဲ့အစည်းများကို မြန်မာစစ်တပ်နှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့မှ အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်တားဆီးခြင်း၊ အခက်အခဲများကြုံတွေ့ရပါက ရက္ခိုင်ပြည်သူ့အစိုးရထံ ဆက်သွယ်ပြီး ကူညီပံ့ပိုးမှုများဆောင်ရွက်နိုင်ကြောင်းလည်း ULA က အသိပေးထားသည်။ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့အနေဖြင့်လည်း စစ်ဘေးရှောင်များ၏ လတ်တလောအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ နေရာထိုင်ခင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့်နှစ်များကဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရသူများမှာ ၂၀၂၁ ခုနှစ် တိုက်ပွဲငြိမ်သက်ချိန်တွင် နေရပ်ပြန်သူအချို့ ရှိခဲ့သည်။

သို့သော် အခြားတစ်ဖက်တွင် တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်က စည်းကမ်းမဲ့စွာထောင်ထားခဲ့သော စွန့်လွှတ်မိုင်း၊ နင်းမိုင်းများအန္တရာယ်ကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည့်အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေခြောက်သောင်းခန့်မှာ စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်နေကြရသည်လည်း ULA ကဆိုသည်။ လတ်တလောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၁၆၀၀ ကျော် ထပ်တိုးလာခဲ့သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့၏ တုန့်ပြန်ချက်ကိုရရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
မောင်တော-အငူမော်ကားလမ်းကိုလည်း မြန်မာစစ်တပ်က သြဂုတ်လ ၁၄ ရက်နေ့မှ စတင်ပိတ်ပင်ထားသောကြောင့် မောင်တောဒေသခံများ အခက်အခဲနှင့်ကြုံတွေ့နေကြရပြီး အချို့ကျေးရွာများတွင် ဆန်၊ ဆီ၊ ဆား စသောအခြေခံစားသောက်ကုန်များ ပြတ်လပ်မည့်အခြေအနေနှင့်ကြုံတွေ့နေရကြောင်း မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)ကလည်း ထုတ်ပြန်ထားသည်။