မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်၍ ဒေသခံများပိတ်မိနေ

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာ အနီးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များ က ယနေ့ (နိုဝင်ဘာ ၁၂) ရက်နေ့ နေ့လယ် (၁) နာရီခန့် ဂျတ်လေယာဉ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်မှုများရှိကြောင်း ဒေသခံများထံမှသိရသည်။

By Admin 12 Nov 2022

မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်၍ ဒေသခံများပိတ်မိနေ

DMG၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာ အနီးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များ က ယနေ့ (နိုဝင်ဘာ ၁၂) ရက်နေ့ နေ့လယ် (၁) နာရီခန့် ဂျတ်လေယာဉ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်မှုများရှိကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့ ဂျတ်လေယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာသားများမှာ အနီးအနားရှိ မြဝတီ၊ တမန်သား၊ မင်္ဂလာညွန့် စသည့် ကျေးရွာများကို ထွက်ပြေးတိမ်ရှောင်နေရပြီး ကျေးရွာသားတစ်ချို့မှာ ရွာထဲတွင် ပိတ်မိကာ ကျန်ခဲ့ကြောင်း ထွက်ပြေးနေသည့် ရန်အောင်ပြင် ကျေးရွာသားတစ်ဦးက ပြောသည်။

“ ဒီနေ့ ၁ နာရီကျော်လောက်က ဂျတ်လေယာဉ်နှစ်စီးနဲ့လာပြီးတော့ ပစ်တယ်။ ရွာသား တွေက အကုန်လုံး ထွက်ပြေးနေရတယ်။ နောက်ပြီးတော့ သူတို့(စစ်ကောင်စီ) တပ် သားတွေ ရွာထဲကို ဝင်လာပြီးတော့ လူတွေ စစ်ဆေးနေတယ်လို့ သိရတယ်။ အခုရွာနဲ့လည်း အဆက်အသွယ်မရတော့ဘူး။ အကုန်လုံး ဖုန်း စက်ပိတ်ထား တယ် ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ကြိမ်ချောင်းအခြေစိုက် နခခ(၇)နှင့် (၂၄) စစ်ဆေးရေးဂိတ်များမှလည်း အဆိုပါ ရန်အောင်ပြင် ကျေးရွာ အနီးနားသို့ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်နေကြောင်း ရန်အောင်ပြင်ကျေးရွာနှင့် ၁ မိုင်ခန့့်သာ ကွာဝေးသည့် ကြိမ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

“ လက်နက်ကြီးက မနက်ကတည်း ဆက်တိုက်ပစ်နေတာ၊ နောက်ပြီးတော့ လေယာဉ် နှစ်စီးနဲ့ လာပစ်တယ်။ အခုချိန် ထိပစ်နေတာ။ ရန်အောင်ပြင်ရွာကိုဝင်လို့ စစ်ဆေးနေတယ်။ ရွာပတ်ပတ်လည်မှာ အကုန်လုံး သူတို့ (စစ်ကောင်စီ) တပ်က ဝိုင်းထားတယ် ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ နေကလည်း ရန်အောင်ပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ကြိမ်ချောင်းစစ်ဆေးဂိတ်က လက်နက်ကြီးပစ်ခတ်မှုများရှိကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က DMG သို့ပြောသည်။

AA ပြန်ကြားတာဝန်ခံ ဦးခိုင်သုခက “ ဒီနေ့ မောင်တောမြို့နယ် ရန်အောင်ပြင်ရွာကို မြန်မာစစ်တပ်က လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်တာရှိတယ်။ နောက်ပြီးတော့ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွေကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာတွေ ရှိတယ်။ ဟိုတနေ့ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ရှိတယ် ” ဟု ၎င်းကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန်အတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိတွင် ပလက်ဝ၊ ကျောက်တော် ၊ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်စသည့် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။