ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်တစ်ဦး သေနတ်ဖြင့်အပစ်ခတ်ခံရ၍ ဆေးကုသမှုခံယူနေရ

ပစ်ခတ်ခံရသူမှာ အသက်(၄၂)နှစ်အရွယ် ဦးဖွေယာစ်ဖြစ်သည်။ ၎င်းမှာ ဦးလှဖေရွာမှ (၁)မိုင်ကျော်ဝေးသည့် ကျောက်ဆိပ်(မွတ်ဆလင်)ကျေးရွာသို့ အလုပ်ကိစ္စဖြင့်သွား၍ မိမိနေရပ်သို့ပြန်လာစဉ် လမ်းခုလတ်တွင် လက်နက်ကိုင်ဆောင်ထားသည့် မွတ်ဆလင်(၅)ဦးထဲမှ တစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

By Admin 20 Oct 2022

ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်တစ်ဦး သေနတ်ဖြင့်အပစ်ခတ်ခံရ၍ ဆေးကုသမှုခံယူနေရ

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားသည့် ဦးဖွေယာစ်။ ဓာတ်ပုံ - Arakan Princess Media

DMG ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေ(မွတ်ဆလင်)ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) ည (၈)နာရီကျော်ခန့် သေနတ်ဖြင့်အပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိတွင် ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ကျေးရွာသားများထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ အသက်(၄၂)နှစ်အရွယ် ဦးဖွေယာစ်ဖြစ်သည်။ ၎င်းမှာ ဦးလှဖေရွာမှ (၁)မိုင်ကျော်ဝေးသည့် ကျောက်ဆိပ်(မွတ်ဆလင်)ကျေးရွာသို့ အလုပ်ကိစ္စဖြင့်သွား၍ မိမိနေရပ်သို့ပြန်လာစဉ် လမ်းခုလတ်တွင် လက်နက်ကိုင်ဆောင်ထားသည့် မွတ်ဆလင်(၅)ဦးထဲမှ တစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က သူက ကျနော်တို့ရွာနဲ့ဆိုရင် မိနစ် ၂၀ လောက်သွားရတဲ့ ကျောက်ဆိပ်ကျေးရွာကို အလုပ်ကိစ္စနဲ့ သွားတာ။ အဲဒီမှာ ရွာကိုပြန်လာတော့ လမ်းမှာအပစ်ခံရတာ။ သေနတ်နဲ့ လူ ၅ ယောက်လာပြီးတော့ တစ်ယောက်က ပစ္စတိုသေနတ်နဲ့ပစ်သွားတာ။ သူက ရွာမှာ သားသတ်လိုင်စင်လုပ်ပါတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးဖွေယာစ်မှာ ညာဖက်ပက်ခုံး၌ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ဦးလှဖေ၊ ကျောက်ဆိပ်၊ အတွင်းငှက်သေကျေးရွာအနီးတွင် ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုရှိပြီး ယခုပစ်ခတ်သူများမှာ ARSA တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ရွာထဲမှာ သွားလာလှုပ်ရှားမှုတွေရှိတယ်။ နောက်ပြီးတော့ ကျေးရွာသားတွေကိုလည်း ခြိမ်းခြောက်မှုတွေရှိတယ်။ ဘယ်အဖွဲ့အစည်းနဲ့ မပတ်သက်ရဘူး။ ထောက်ပံ့ မပေးရဘူး။ ဆက်စပ်မှုရှိရင် မင်းတို့လည်း သေရမယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားတာရှိတယ်။ အခုလို ခြိမ်းခြောက်တော့ စိုးရိမ်မှုတွေ ရှိတာပေါ့”ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် ယခုကဲ့သို့ ပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနီးအနားကျေးရွာများမှ မွတ်ဆလင်များမှာလည်း လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာနေကြောင်း ပြောဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် အစည်းအဝေးလုပ်နေသည်ဟုဆိုကာ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပေ။

သို့သော်လည်း စစ်ကောင်စီသတင်းများကို အသားပေးရေးသားနေသည့် ရခိုင်နေ့စဉ်သတင်းပေ့ချ်တွင် ဦးလှဖေကျေးရွာနေ ဖော်ကိအာမတ်(ခ)ဖွေယာစ်၊ သားသတ်လိုင်စင်လုပ်ငန်းလုပ်ကိုင်နေသူကို ယမန်နေ့ ည ၈ နာရီခန့်က ကျောက်ဆိပ်ရွာအထွက်တွင် ARSA အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ခြင်းဟု ဖော်ပြထားသည်။

ဘူးသီးတောင်မြို့နယ်တွင် ARSA တပ်ဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံပြင်(မွတ်ဆလင်)ကျေးရွာမှ ရာအိမ်မှူးတစ်ဦးကို ARSA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်သွားခဲ့မှုကြောင့် သေဆုံးသွားခဲ့သည်။