ကြားဖြတ်သတင်း
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု(၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)
အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့သည့် တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှုကို DMG က ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
08 May 2022
မေ ၁
- ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၆ ထောင်ကျော်သာ ကျန်ရှိတော့သည့် သက်လူမျိုးတို့၏ ပထမဆုံးကြိမ်မြောက် သက်အမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာတွင် မေလ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
- ရခိုင်ရှိ ရခိုင်-မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုအကြား လူမှုရေးသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးတို့အတွက် လက်တွေ့ကျကျဆောင်ရွက်ခဲ့သည့် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ မေလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
- မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစတင်၍ ပြည်တွင်းရှိ သတင်းသမားများဖမ်းဆီးတိုက်ခိုက်ခံရမှုရှိခဲ့ရာ ထိုအချိန်မှစ၍ နှစ် ၃၀ အတွင်း စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင် သတင်းသမားများတိုက်ခိုက်ခံရမှုမှာ အမြင့်ဆုံးဖြစ်ကြောင်း သတင်းသမားများကာကွယ်စောက်ရှောက်ရေးအဖွဲ့(CPJ) ၏အချက်အလက်များအရ တွေ့ရသည်။
- ရခိုင်တွင် အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ကို ခရိုင်မြို့များအဖြစ် အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြော်ငြာပါရှိသည်။
မေ ၂
- ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းကြောင့် လုပ်ငန်းတွင် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ရခိုင်ပြည်နယ်အတွင်းမှ ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။
- စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်း(BXT)တွင် တည်ဆောက်ထားသည့် ဈေးသစ်တွင် မိုးယိုစိမ့်မှုများဖြစ်ပေါ်နေသဖြင့် မိုးရာသီမတိုင်မီ ပြုပြင်ရန်လိုအပ်သည်ဟု ဈေးရောင်းချသူများက တောင်းဆိုခဲ့ကြသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲလျက်ရှိရာ အချိန်တစ်လကျော်အတွင်း ရထားတွဲပြေးဆွဲမှုမှာမတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ တစ်လကျော်အတွင်း လိုက်ပါစီးနင်းသူ (၁၃၅၄၁)ဦးရှိခဲ့ပြီး ဝင်ငွေအနေဖြင့် (၈၀၄၅၅၀)ကျပ်ရရှိခဲ့ကာ ကုန်ကျစရိတ်မှာ (၅၀၀၅၀၀၀)ကျပ်အထိရှိခဲ့ကြောင်း မြန်မာ့မီးရထား-တိုင်းခွဲ(စစ်တွေ)မှ သိရသည်။
- ပြီးခဲ့သည့်ဧပြီ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်ရာတွင် တင်းမကျေးရွာမှ ဘုန်းတော်ကြီးကျောင်းရှိ ခေါင်မိုးများနှင့် သာသနိက အဆောက်အဦများ ပျက်စီးမှုရှိခဲ့သဖြင့် ပြန်လည်ပြုပြင်ခွင့်ရရှိရန် ကျေးရွာသားများက တောင်းဆိုခဲ့ကြသည်။
- စစ်တပ်က တပ်စွဲ နေရာယူ အထိုင်ချထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့၏ အထင်ကရဖြစ်သော ကျိန်းတောင်စေတီတော်ဘုရားပွဲတော်အား ယခုနှစ်တွင်းလည်း ကျင်းပခွင့်နှင့် ဘုရားဖူးခွင့် မရရှိကြောင်း မင်းပြားဒေသခံများက ပြောကြသည်။
မေ ၃
- ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် မေလ ၃ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က စစ်ကောင်စီမှ လမ်းသွားလမ်းလာများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ “နိုင်ငံရေးလုပ်စားများနှင့် ပြည်ဖျက်မီလိမ်ညာတို့ပေါင်းပြီး တိုက်ပွဲသတင်းအတု၊ လုပ်ကြံသတင်းအမှားများဖန်တီးကာ ပြည်သူ့ထံမှ မျက်ရည်ချူအလှူခံစားနေ”ဟု ဝါဒဖြန့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
- စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၆၁ ဦး ဆက်လက်ဖမ်းဆီးခံနေရပြီး ဖမ်းဆီးခံသတင်းသမားများကို အမြန်ဆုံးလွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားရန် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က မတ်လ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် တောင်းဆိုလိုက်သည်။
- မြန်မာနိုင်ငံတွင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အသစ်များကို ထပ်မံတိုးချဲ့ရခြင်းဟု စစ်ကောင်စီ၏ပြောဆိုချက်ကို အယုံအကြည်မရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
- ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မြန်မာစစ်တပ်က လှည့်လည်သွားလာခြင်း၊ စစ်ဆေးမေးမြန်းခြင်းများရှိသဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကပြောဆိုကြသည်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်ရှည်ကျေးရွာမှ အသက်(၄၀)အရွယ် ဒေါ်သိန်းခင်ကြည် မှာ မေလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က မိသားစုဝင်လေးဦးနှင့်အတူ ကျောက်ဖျာကျေးရွာရှိနာရေးတစ်ခုမှ စက်လှေဖြင့်ပြန်လာစဉ် မြေပုံမြို့နှင့် အမ်းမြို့ကြားရှိမြစ်ထဲတွင် မိုးကြိုးထိမှန်ပြီး မြစ်ထဲပြုတ်ကျ သေဆုံးခဲ့သည်။
- စစ်တွေမြို့နယ်၊ ဘောဒူဖကျေးရွာမှ ဦးအောင်သိန်း၊ ဒါးပိုင်ကျေးရွာမှ ဆောလီ၊ မကျည်းမြိုင်အကွက်(၉)မှ ဦးမောင်ဘ၊ သက္ကယ်ပြင်ကျေးရွာမှ ကျော်နုနှင့် အီစုဖ်တို့ကို မေလ ၃ ရက်နေ့ ညနေ့ ၈ နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။
- အစ္စလာမ်ဘာသာဝင်များ၏ ရိုးရာအိဒ်ပွဲတော်သို့မေလ ၃ က်နေ့က မွတ်ဆလင်ကျောင်းသားများ၏ ဖိတ်ခေါ်ချက်အရ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင် (၈) ဦးခန့် က စစ်တွေမြို့နယ် သက္ကေပြင် မွတ်ဆလင်ကျေးရွာသို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။
မေ ၄
- စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စစ်တွေဟိုတယ်အနောက်ဘက်ရှိ မြေနေရာတွင် အကွက်ရိုက်ကျူးကျော်ထားသည်များကို စည်ပင်မှဖယ်ရှားခဲ့သော်လည်း နောက်ထပ်တဖန် အကွက်ရိုက်ကျူးကျော်မှုများ ထပ်မံရှိလာသည်ကို တွေ့ရသည်။
- အမ်းမြို့ရှိ နတ်စင်ကုန်းရပ်ကွက်၊ အမ်းမြို့သစ်ရပ်ကွက်နှင့် ကားလမ်းဘေးရှိဈေးဆိုင်တန်းအချို့ကို တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခိုင်းသဖြင့် နေအိမ်နှင့်ဈေးဆိုင်ခန်းစုစုပေါင်း ၃၀ ကျော်နှင့် ပရဟိတ စာသင်ကျောင်းဆောင်တစ်ဆောင်တို့ကို ပြီးခဲ့သည့်ဧပြီလအတွင်းက ဖယ်ရှားပေးခဲ့ရပြီး နေအိမ်ဖယ်ရှားခံရသည့် ဒေသခံအချို့မှာ နေထိုင်ရေးနှင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည်။
- စစ်တွေမြို့နယ်၊ ဘောဒူဖကျေးရွာမှ ဦးရော်ဘီ၊ ဦးရော်ဘီ၏လက်ထောက်တစ်ဦး၊ ကြက်ကိုင်းတန်ကျေးရွာမှ ဦးထွန်းလှစိန်တို့ကို မေလ ၄ ရက်နေ့ ညနေ့ ၉ နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။
မေ ၅
- မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်အတွင်းရှိ ပေါ်တော်မူဘုရားပေါင်းဘုရားပွဲကို (မေလ ၂ ရက်နေ့မှ) စတင်ကာ (မေလ ၅ ရက်နေ့)အထိ ရခိုင် - မွတ်ဆလင် လူမှုအသိုက်အဝန်းတို့ ပူးပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
- စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုတွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စတင်ကျင့်သုံးရန် စီစဉ်လျှက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ သိရသည်။
- ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိကျေးရွာများမှ ရခိုင်တိုင်းရင်းသား ၄၀ ဦးထက် မနည်းကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်မှုရှိသည်ဆိုသည့် သံသယဖြင့် စစ်ကောင်စီမှဖမ်းဆီးခဲ့သည်။
- ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို လာမည့်မေလ ၁၉ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန် ချိန်းဆိုလိုက်သည်။
- ရခိုင်ပြည်တွင်းရှိ အလုပ်သမားအရေးများကို ဖြေရှင်းရန်အတွက် မကြာသေးမီကဖွဲ့စည်းထားသည့် အလုပ်သမားကူညီရေးစင်တာသို့ လာရောက်တိုင်ကြားသည့်အမှု ၈ မှုသာရှိသေးကြောင်း ပြည်နယ်မြောက်ပိုင်း တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာထံမှ သိရသည်။
မေ ၆
- တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ဖေါက်ကျေးရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း (ခ) ငမော့၊ ကိုဌေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်တို့ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်ကဖမ်းဆီးပြီး အမှုမှာ ၂ နှစ်ခန့် ကြာမြင့်လာသော်လည်း တရားလိုကို စစ်ဆေးနိုင်ခြင်းမရှိသေးပေ။
- မြိုလူမျိုးတို့၏ ရိုးရာယဉ်ကျေးကျေးမှုကို ထိန်းသိမ်းနိုင်ရေးနှင့် ရခိုင်ပြည်နယ်အနှံ့တွင် နေထိုင်ကြသည့် မြိုလူများအားလုံး စည်းလုံးနိုင်ရေးအတွက် ရခိုင်ပြည်၊ မောင်တော(၃)မိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းအနားကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့် မေလ ၂၀ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။
- ပလက်ဝမြို့နယ်၊ ဆမီးမြို့အနီးဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံစစ်ဘေးရှောင် (၃၁)ဦးမှာ စားဝတ်နေရေးအခက်အခဲရှိနေကြောင်း သိရသည်။
မေ ၇
- တိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည်အဖြစ်ရောက်ရှိနေကြသူများကို စစ်ကောင်စီမှ ပြီးခဲ့သည့်နှစ်လခန့်ကပင် စားနပ်ရိက္ခာထောက်ပံ့မှုရပ်တန့်ထားသောကြောင့် စစ်ဘေးရှောင်များမှာ စားရေးသောက်ရေးအခက်တွေ့နေကြသည်ဟု သိရသည်။
- စစ်ကောင်စီမှဖိတ်ခေါ်သည့်ဆွေးနွေးပွဲသို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ၅ ဖွဲ့ တက်ရောက်မည်။
- ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ ကမ်းနားလမ်းရှိ သက်ကြီးနားနေဆောင်အနီး မြက်ခင်းတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမည်မသိအမျိုးသားတစ်ဦး၏အလောင်းကို မေလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်က တွေ့ရှိခဲ့သည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနရုံးဟောင်းကို မေလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ရဲ၊ စရဖအဖွဲ့ဝင်များ၊ အရပ်ဝတ်များနှင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေခဲ့၍ တိမ်းရှောင်နေကြရသည်ဟု ယင်းသတင်းဌာနတာဝန်ရှိသူတို့ထံမှ သိရသည်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ လေယာဉ်ကွင်းဧရိယာနှင့် ဌာနဆိုင်ရာရုံးဟောင်းမြေနေရာများအတွင်း တည်ဆောက်ထားသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန်အမိန့်ထုတ်ပြန်ထားသဖြင့် လက်ရှိမှာ စတင်ဖြိုဖျက်နေရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။