- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောမြောက်ပိုင်း ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ထား
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကားလမ်းများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပိတ်ထားသဖြင့် ကျေးရွာပေါင်း ၂၀ ကျော်ခန့်မှ ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
22 Jul 2022
DMG ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကားလမ်းများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပိတ်ထားသဖြင့် ကျေးရွာပေါင်း ၂၀ ကျော်ခန့်မှ ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲပူးပေါင်းအဖွဲ့တို့ အခြေချထားသည့် ကြိမ်ချောင်းအမှတ်(၂၄)စခန်း စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားခွင့် တားမြစ်ထားသည့်အတွက် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲရှိလာသည်ဟု မင်္ဂလာညွန့်ကျေးရွာမှ ဒေသခံတစ်ဦးကDMG သို့ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေ့ကနေ ကျွန်တော်တို့ရွာက ကားတွေမထွက်တော့ဘူး။ ကျွန်တော်တို့ဒေသက မောင်တောမြို့ကို အဓိကထားပြီးတော့ ဆန်၊ ဆီ၊ ဆားကအစ စားနပ်ရိက္ခာတွေဝယ်ယူပြီးတော့ စားသုံးနေကြတာ။ နောက်ပြီးတော့ ကျွန်တော်တို့ဒေသကထွက်တဲ့ ငရုတ်သီးတွေကို မောင်တောကိုတင်ပို့နေတာ။ အခု ကားလမ်းတွေပိတ်ထားတော့ အခက်အခဲရှိတာပေါ့”ဟု ၎င်းကဆိုသည်။
အလားတူ မောင်တောမြို့နှင့် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသည့် ကားသမားတစ်ဦးကလည်း ကြိမ်ချောင်းအမှတ်(၂၄)ဂိတ် စစ်ဆေးရေးဂိတ်မှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက လမ်းပိတ်ထားသည့်အတွက် ကားရပ်နားထားရကြောင်း DMG သု့ိပြောသည်။
“ကျွန်တော်တို့ ကားရပ်ထားတာ ၃ ရက်လောက်ရှိပြီ။ ကြိမ်ချောင်းဂိတ်ကနေ ပိတ်ထားတဲ့အတွက် ကားသမားတွေလည်း မသွားရဲကြဘူး။ ကားလမ်းတွေ တာရှည်ပိတ်ထားရင်တော့ စားဝတ်နေရေးကအစ အခက်အခဲတွေရှိလာနိုင်ပါတယ်”ဟု ကားသမားကဆိုသည်။
အဆိုပါ ကြိမ်ချောင်းအမှတ်(၂၄)စခန်း စစ်ဆေးရေးဂိတ်က လမ်းပိတ်ထားသည့်အတွက် ကြိမ်ချောင်းအထက်ပိုင်းကျေးရွာများဖြစ်ကြသော မင်းကြီး၊ ရန်အောင်ပြင်၊ ဝက်ကျိန်း၊ မြဝတီ၊ တမန်းသား၊ မင်္ဂလာညွန့်၊ ခွဆုံ ၊ နန်းရာကိုင်း၊ သက်ကိုင်းညှာ၊
မင်းခမောင်းနှင့် ခမောင်းဆိပ်၊ ခုံတိုင် စသည့်ကျေးရွာ ၂၀ ကျော်မှ ကျေးရွာသား ၁၀၀၀၀ ကျော်ခန့်မှာ စားနပ်ရိက္ခာပြတ်တောက်မည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်းလည် သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်နေ့က မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း(ရခိုင်)ရွာ အကြား၌နှင့် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
“တိုက်ပွဲဖြစ်တဲ့နေကစပြီးတော့ ကားသမားတွေက ကားမထွက်ဝံ့ကြတော့ဘူး။ ဒီနေ့လည်း ကြိမ်ချောင်းဂိတ်က ထွက်ခွင့်မပေးတဲ့အတွက် ပြန်လာရတယ်။ တချို့အိမ်တွေမှာ ဆန်ပြတ်တာတွေရှိတယ်။ ရွာမှာ ချေးငှားပြီးတော့စားနေရတယ်။ ကားလမ်းတွေကို တာရှည်ပိတ်ထားရင်တော့ စားဝတ်နေရေးဒီထက် အခက်အခဲတွေဖြစ်လာနိုင်တယ်”ဟု တမန်းသားကျေးရွာသား တစ်ဦးကပြောသည်။
ထိုသို့ ကားလမ်းများပိတ်ထားသည့်အတွက် ဒေသအတွင်း၌ ဆန်၊ ဆီ၊ ဆား စသည့်အခြေခံကုန်စည်နှင့် စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်မှုများရှိလာနေကြောင်းလည်း ခုံတိုင်ကျေးရွာမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရွာက ထွက်တဲ့ကားလည်း မရှိဘူး။ တခြားရွာတွေကထွက်တဲ့ ကားတွေနဲ့လိုက်ရတာ။ အခုက ကားတွေရပ်ထားတယ်ဆိုတော့ အခက်အခဲတွေရှိတာပေါ့။ ရွာမှာ ဆန်ပြတ်တဲ့အိမ်တွေဆို ပြတ်နေကြပြီ။ ကားလမ်းတွေ အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။
ကြိမ်းချောင်းကျေးရွာသည် မောင်တောမြောက်ပိုင်းဒေသ အချက်အချာကျသော နေရာတွင်ရှိပြီး ယင်းနေရာမှနေ ဒေသခံခရီးသွားနှင့် ကုန်ကားများသွားလာခွင့်ကို တာရှည်ပိတ်ထားပါက ဒေသနေပြည်သူများအတွက် အခက်အခဲမျိုးစုံဖြစ်လာနိုင်သဖြင့် စစ်ဆေးစရာကို စစ်ဆေးသော်လည်း လမ်းဖွင့်ပေးသင့်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်အမတ်ဟောင်း ဦးမောင်အုန်းက DMG သို့ ပြောသည်။
“ဒီလိုကားလမ်းတွေ ပိတ်ထားတာတော့ မကောင်းဘူး။ တာရှည်မယ်ဆိုရင် ဒေသခံတွေအများကြီး ထိခိုက်နိုင်တယ်။ သူတို့က မောင်တောကိုမှီခိုပြီးတော့ အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြတာ။ ဒီလိုလုပ်တာတော့ မကောင်းဘူး။ သူတို့စစ်ဆေးမယ်ဆိုရင်လည်း စစ်စရာရှိတာကိုစစ်ဆေးပေါ့။ အခုလိုလုပ်တာကတော့ မကောင်းဘူး”ဟု ဦးအောင်အုန်းက ဝေဖန်သည်။
ထိုသို့ကြိမ်ချောင်းအမှတ်(၂၄)စခန်း စစ်ဆေးဂိတ်တွင် ကားလမ်းပိတ်ထားခြင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ယင်းအပြင် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်မှူး၊ ဒေသခံနှစ်ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာ တာဝန်ခံများကို ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားသည်။
လက်ရှိတွင် မောင်တောဒေသသည့် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်ဘက်စလုံးက စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းလည်း သိရသည်။