- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က အကျဉ်းထောင်များတွင် ချုပ်နှောင်ခံထားရသူများကို ထောင်ဝင်စာတွေ့ခွင့်ရရန် မိသားစုများလိုလား
Covid 19 တတိယလှိုင်းနှင့်ကြုံတွေ့ရချိန်တွင် အကျဉ်းထောင်အသီးသီး၌ ထောင်ဒဏ်ချမှတ်ခံထားရသူများနှင့် အချုပ်သားများကို ထောင်ဝင်စာတွေ့ခွင့်မပေးတော့သဖြင့် မိသားစုများမှာ တွေ့ဆုံခွင့်ဆုံးရှုံးခဲ့ရသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် တွေ့လိုသည်ဟုပြောဆိုကြသည်။
24 May 2022
DMG ၊ မေ ၂၄
Covid 19 တတိယလှိုင်းနှင့်ကြုံတွေ့ရချိန်တွင် အကျဉ်းထောင်အသီးသီး၌ ထောင်ဒဏ်ချမှတ်ခံထားရသူများနှင့် အချုပ်သားများကို ထောင်ဝင်စာတွေ့ခွင့်မပေးတော့သဖြင့် မိသားစုများမှာ တွေ့ဆုံခွင့်ဆုံးရှုံးခဲ့ရသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် တွေ့လိုသည်ဟုပြောဆိုကြသည်။
လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာပြီဖြစ်သဖြင့် လူစုဝေးခြင်းကန့်သတ်ချက်ကို ဧပြီလ ၁၇ ရက် နေ့မှစတင်ကာ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ အလားတူ ရခိုင်ပြည်တွင်လည်း ကိုဗစ်ဖြစ်ပွားနှုန်း သိသိသာသာ ကျဆင်းနေသောကြောင့် ထောင်ဝင်စာတွေ့လိုသည်ဟု မိသားစုဝင်များကဆိုကြသည်။
“ကျွန်မသားလေးတို့ဆိုရင် ထောင်ထဲရောက်နေတာ ၃ နှစ်နီးပါးလောက်ဖြစ်နေပြီ။ အမေရောက်လာရင် ထောင်ထဲက သားလေးတွေက ထမင်းတစ်နပ်စားရမယ်ဆိုပြီး သိပ်မျှော်ကိုးတယ်။ တရားရုံးက အမိန့်မချတာလည်း နှစ်တွေချီနေပြီ။ ပြီးရင်တွေ့ခွင့်လည်းမရဘူး။ ဒါတရားမျှတလားဆိုတာ စဉ်းစားကြည့်ပါတော့။ ကိုယ့်ညီအစ်ကိုမောင်နှမတွေလို လူသားချင်းစာနာမှုလေးတွေပေးစေချင်တယ်”ဟု ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံရသူတစ်ဦး၏ မိခင် ဒေါ်နီနီအေးက DMG သို့ပြောသည်။
ဒေါ်နီနီအေးသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံရသူငါးဦးအနက် ကိုညီညီအောင်၏ မိခင်ဖြစ်သည်။ ထိုသို့ ထောင်ဝင်စာတွေ့ခွင့်မရသဖြင့် မိသားစုဝင်များမှာ အစားအသောက်များနှင့် တခြားပစ္စည်းများကို စစ်တွေအကျဉ်းထောင်ထောင်ဗူးဝတွင် တာဝန်ကျအစောင့်များထံ အပ်နှံထားခဲ့ရသည်ဟု ၎င်းကဆိုသည်။
လူစုလူဝေးကန့်သတ်ချက်များကို ပယ်ဖျက်ထားသည့်အချိန်တွင် ယခုကဲ့သို့ ကိုဗစ်စည်းကမ်းကို အကြောင်းပြပြီး ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားခြင်းမှာ အကြောင်းပြချက်မခိုင်လုံဟု စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူ ကိုမင်းဒီပါ၏အစ်ကို ဦးအောင်မြင့်ကပြောသည်။
ထို့ပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို တွေ့ခွင့်ရလိုသည်ဟု အစ်ကိုဖြစ်သူ ဦးမင်းအောင်က DMG သို့ပြောသည်။
"လုံးဝ သူ့မျက်နှာကိုမမြင်ရရင်လည်း အသံကြားရရင်ကျေနပ်ပါတယ်။ သူက အမှောင်ခြမ်းကမ္ဘာမှာ ရောက်နေတာ။ ကျွန်တော့ညီနဲ့မတွေ့ရတဲ့အတွက် သူနဲ့က သိပ်အများကြီးဝေးကွာသွားသလို ခံစားရပါတယ်။ သူထောင်ကျတဲ့နေ့ကနေ တစ်ရက်မှမတွေ့ရသေးဘူး။ တွေ့ခွင့်ရမယ်ဆိုရင် ကျွန်တော်ပလက်ဝကနေပြီး ချက်ချင်းလိုက်လာမှာ။ ရေကြောင်းမရရင် တောလမ်းနဲ့လာမယ်။ မရရင် တောင်လမ်းကနေလာမယ်"ဟု ၎င်းကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အကျဉ်းဦးစီးဌာန၊ ဦးစီးမှူးရုံးသို့ DMG က တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ ထို့ပြင် ပြည်နယ်စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။