မြန်မာစစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းများမှ လူမှုစာမျက်နှာတချို့ကို Meta ကုမ္ပဏီမှဖယ်ရှား

မြန်မာစစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၏ လူမှုစာမျက်နှာများကို ဖေ့ဘုတ်နှင့်အင်စတာဂရမ်တို့ကို ပိုင်ဆိုင်ထားသည့် Meta ကုမ္ပဏီမှ ဒီဇင်ဘာ ၈ ရက်တွင် ဖယ်ရှားလိုက်ကြောင်း သိရသည်။

09 Dec 2021

ဓာတ်ပုံံ- Justice For Myanmar Facebook Page

DMG ၊ ဒီဇင်ဘာ ၉

မြန်မာစစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၏ လူမှုစာမျက်နှာများကို ဖေ့ဘုတ်နှင့်အင်စတာဂရမ်တို့ကို ပိုင်ဆိုင်ထားသည့် Meta ကုမ္ပဏီမှ ဒီဇင်ဘာ ၈ ရက်တွင် ဖယ်ရှားလိုက်ကြောင်း သိရသည်။

မြန်မာစစ်ကောင်စီတပ်များ၏ ယခုပြုလုပ်ဆဲ လူအခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာစစ်တပ်မှ ရန်ပုံငွေရရှိမှုများအပေါ် နိုင်ငံတကာလူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့နှင့် NGO များမှ လေ့လာစောင့်ကြည့်သော အချက်များကြောင့် ယခုလို အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း Meta ကုမ္ပဏီမှ အရှေ့တောင်အာရှ ထွန်းသစ်စနိုင်ငံများဆိုင်ရာ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ရာဖေးလ် ဖရန်ကယ်မှ အွန်လိုင်းပို့စ်တွင် အသိပေးထားသည်။

ထို့အပြင် မြန်မာစစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများအပေါ် ယခုလိုအရေးယူမှုသည် Meta ကုမ္ပဏီ အပေါ် မွတ်ဆလင်အရေးလှုပ်ရှားသူများ၏ တရားစွဲဆိုခြင်းနှင့် မသက်ဆိုင်ဘဲ ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ ဆုံးဖြတ်ခဲ့ကြောင်း ရာဖေးလ်ဖရန်ကယ်မှ Finicial Times သို့ ပြောသည်။

စစ်ကောင်စီပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် Mytel ၊ မိုးကောင်းဆေးရုံ၊ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သမီးပိုင်ဆိုင်သည့် 7 senses Creation နှင့် Myanmar Beer ဖေ့ဘွတ်စာမျက်နှာတို့ကို Meta ကုမ္ပဏီမှ စတင်ဖယ်ရှားလိုက်သည်။

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံဖယ်ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန်ကြေညာသည်။

စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြု စာမျက်နှာ (Pages)၊ အဖွဲ့(Groups) များနှင့် အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta က တရားဝင် ကြေညာသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လူမှုကွန်ရက်စာမျက်နှာများ၊ အဖွဲ့များနှင့်အကောင့်များကို စတင်ဖယ်ရှားလိုက်ပြီး မြန်မာ့နိုင်ငံ၏အခြေအနေများကို အမြဲမပြတ်စောင့်ကြည့်နေမည်ဖြစ်ကြောင်း Meta မှ ကြေငြာချက်တွင် ဆိုသည်။

မြန်မာစစ်ကောင်စီပိုင် စီးပွားရေးများအားလုံးကို ပိတ်ပင်နိုင်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး Facebook မှ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများကို ပိတ်ပင်ရန် တောင်းဆိုသည့် Burma Campaign UK အသနားခံစာတွင် လက်မှတ်ပေါင်း ၅၃,၀၀၀ ကျော်ရှိကြောင်း Justice For Myanmar မှ ထုတ်ပြန်သည်။

 မြန်မာစစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလမှ စပြီး MRTV ၊ MWD စသည့် စစ်တပ်ပိုင်မီဒီယာတချို့၏ လူမှုစာမျက်နှာများကို Meta ကုမ္ပဏီ၏ ဖယ်ရှားအရေးယူခြင်း ခံရထားသည်။