အမ်းမြို့တွင် စစ်တပ်ကဖိအားပေးမှုကြောင့် နေအိမ်ဖြိုဖျက်ပေးလိုက်ရသူ ၃၀ ခန့် အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မြို့သစ်အနီး တောင်ကုန်းပေါ်တွင်နေထိုင်ကြသည့် နေအိမ် ၅ လုံးကို စစ်တပ်ပိုင်မြေ၌ ကျူးကျော်နေထိုင်သည်ဟုဆိုကာ စစ်တပ်ကဖိအားပေးမှုကြောင့် ယမန်နေ့(ဧပြီလ ၁၈ ရက်)က နေအိမ်ဖြိုဖျက် ပေးလိုက်ရသည့်အတွက် လူဦးရေ ၃၀ ခန့်မှာ နေထိုင်ရေး၊ စားသောက်ရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

19 Apr 2022

DMG ၊ ဧပြီ ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မြို့သစ်အနီး တောင်ကုန်းပေါ်တွင်နေထိုင်ကြသည့် နေအိမ် ၅ လုံးကို စစ်တပ်ပိုင်မြေ၌ ကျူးကျော်နေထိုင်သည်ဟုဆိုကာ စစ်တပ်ကဖိအားပေးမှုကြောင့် ယမန်နေ့(ဧပြီလ ၁၈ ရက်)က နေအိမ်ဖြိုဖျက် ပေးလိုက်ရသည့်အတွက် လူဦးရေ ၃၀ ခန့်မှာ နေထိုင်ရေး၊ စားသောက်ရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

အဆိုပါဖြိုဖျက်ပေးလိုက်ရသည့် နေအိမ်တို့မှာ အမ်းမြို့ဟောင်းနှင့် အမ်းမြို့သစ်အကြား ခမရ ၃၇၁ အနီး တပ်ပိုင်မြေအတွင်းပါဝင်နေသည်ဟုဆိုကာ စစ်တပ်တာဝန်ရှိသူတို့က လာရောက်ပြောဆိုမှုကြောင့် ဖြိုဖျက်လိုက်ရခြင်းဟု ကာယကံရှင်တို့က DMG ကိုပြောသည်။

“အိမ်ကို ကိုယ်တိုင်ဖြိုလိုက်ကြတာဆိုတော့ သစ်တွေ၊ ဝါးတွေတော့ အကောင်းတိုင်းရလိုက်တယ်။ ဒါပေမယ့် လေလောဆယ် နေစရာနေရာမရှိတော့ မြို့ပေါ်က အခြားတစ်ယောက်ကို ဒူးထောက်တောင်းပန်ပြီးပြောလို့ အိမ်လေးငှားလို့ရလိုက်တယ်။ အိမ်ငှားခပေးဖို့ ပိုက်ဆံလည်းမရှိသေးဘူး။ အိမ်မှာစားစရာဆန်လည်း ကုန်နေပြီ။ နေနေတဲ့အိမ်လေး ဖြိုပေးလိုက်ရတော့ အကုန်အခက်အခဲဖြစ်ကုန်တာပဲ။ သူတို့(စစ်တပ်)ကတော့ ကျူးကျော်ဖြစ်လို့ ဖယ်ခိုင်းတာလို့ပြောတယ်”ဟု နေအိမ်ဖြိုဖျက်လိုက်ရသူ တစ်ဦးဖြစ်သည့် မချစ်သက်ဝေက DMG သို့ပြောသည်။

ထိုနေအိမ်များကိုဖြိုဖျက်ပေးရန်အတွက် စစ်တပ်တာဝန်ရှိသူတို့က ဧပြီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖြိုပေးရန် နှုတ်ဖြင့်လာပြောသဖြင့် နေအိမ်ပိုင်ရှင်များမှာ စစ်တပ်ကလာဖြို့လျှင် အားလုံးပျက်စီးသွားမည်ကို စိုးရိမ်၍ မိမိတို့ကိုယ်တိုင်ပဲ အိမ်ကိုဖြိုလိုက်ခြင်းဟုလည်း သိရသည်။

လက်ရှိတွင် နေအိမ်ဖြိုဖျက်လိုက်ရသည့် မိသားစုဝင် ၃၀ ခန့်မှာ ၎င်းတို့ဘဝရပ်တည်ရန် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့်အတွက် အထောက်အပံ့အကူအညီများရရှိရန် မျှော်လင့်နေကြသည်။

“နေစရာအိမ်လည်း မရှိတော့ဘူး။ နေစရာမြေ မရှိသေးဘူးဆိုတော့ အကူအညီတွေရရင်ကောင်းမယ်။ ငွေကြေးအကူအညီ ဖြစ်ဖြစ်၊ နေစရာအကူအညီဖြစ်ဖြစ် အကူအညီလေးတွေရချင်တယ်”ဟု နေအိမ် ဖြိုဖျက်လိုက်ရသော အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

အဆိုပါနေရာတွင် နေထိုင်သူတို့မှာ ၁၉၈၈ ခုနှစ်ကတည်းက ဘိုးဘွားပိုင်မြေနေရာများဖြစ်ကြပြီး စစ်တပ်က သိမ်းယူလိုက်သဖြင့် ထွက်ခွာသွားခဲ့ရကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တပ်ကစွန့်လွှတ်လိုက်သည်ဟု ကြားသိရဖြင့် လာရောက်နေထိုင်ကြခြင်းဖြစ်သည်။

ထိုသို့လာရောက်နေထိုင်ကြခြင်းမှာ ၇ နှစ်ခန့်ကြာမြင့်လာနေပြီဖြစ်ကြောင်းနှင့် ကျူးကျော်နေထိုင်ခြင်း မဟုတ်ကြောင်းလည်း နေအိမ်ဖြိုဖျက်ပေးလိုက်ရသူတို့က ပြောဆိုကြသည်။

“ဒီမြေတွေက ဘိုးဘွားပိုင်မြေတွေပါ။ ၁၉၈၈ မတိုင်ခင် အဘိုးတွေလက်ထက်ကတည်းက ဝယ်ပြီးတော့ လယ်တွေ၊စိုက်ခင်းတွေလည်းရှိတယ်။ အဲဒီတုန်းက ကားလမ်းမဟုတ်သေးဘူး။ တောတောင်တွေဆိုတော့ ညီမ ဘိုးဘွားတွေကဝယ်ပြီး လုပ်ကိုင်နေထိုင်ကြရင်း လေး၊ငါးနှစ်ကြာတဲ့အခါ တပ်ကသိမ်းပစ်လိုက်တော့ နေစရာ နေရာမရှိတော့ တောတွေထဲသွားပြီး တောင်ယာခုတ်နေကြတယ်။ ပြီးမှ ၂၀၁၄၊ ၂၀၁၅ လောက်မှာ အိမ်ယာမြေတွေကို တပ်ကပြန်စွန့်တယ်ကြားလို့ ညီမတို့ ဒီမှာပြန်လာနေကြတာ။ ၂၀၁၄ လောက်တည်းက ညီမတို့ဒီမှာနေတာ။ အခုသူတို့(စစ်တပ်)က တရားစွဲတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက DMG ကို ရှင်းပြသည်။

ယင်းသို့လာရောက်နေထိုင်သူများမှာ ကျူးကျော်မဟုတ်ဘဲ ဘိုးဘွားပိုင်မြေတွင် လာရောက်နေထိုင်ခြင်းကြောင့် တရားစွဲခံရသည်ဆိုသည့် ကာယကံရှင်တို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ယင်းအပြင် ဖြိုဖျက်လိုက်ရသောနေအိမ်များမှာ ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် ၂၀၂၀ ခုနှစ်ကတည်းကစပြီး အမှုရင်ဆိုင်နေရသူများဖြစ်ပြီး ပြည်နယ်အဆင့်အထိ အယူခံတက်နေရကြောင်းနှင့် အမှုမပြီးဆုံးသေးဘဲ ယခုကဲ့သို့ ဖြိုဖျက်လိုက်ရခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံ ကိုမျိုးလွင်က DMG သို့ပြောသည်။

“အဲဒီနေရာမှာ စစ်တပ်နဲ့တရားရင်ဆိုင်ရတာ အကြိမ်ကြိမ်ရှိခဲ့ပြီ။ တရားရုံးက ဖြိုဖို့အတွက် အမိန့်ချထားတာ မရှိသေးဘူး။ မြို့နယ်တရားရုံးကအမိန့်ချတာကို ခရိုင်ကို အယူခံဝင်ထားတယ်။ ခရိုင်ကပယ်ချတော့ ပြည်နယ်ကို အယူခံဝင်ထားတာ။ အခုကအမှုရင်ဆိုင်ရတဲ့အိမ်တွေကို အကုန်ဖြိုလိုက်တာ”ဟု ကိုမျိုးလွင်ကဆိုသည်။

အဆိုပါမြေနေရာအတွက် အမှုရင်ဆိုင်နေရဆဲဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးနေလင်းအောင်ကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဖြေကြားခွင့်မရှိတဲ့အတွက် မဖြေပေးနိုင်ပါ”ဟုသာ တုန့်ပြန်သည်။

ပြီးခဲ့သည့်မတ်လ(၉)ရက်နေ့က စစ်တွေမြို့၊ အာဂျိတ်တော်ကုန်း သုသာန်မြေနှင့် မီးရထားပိုင်ဧရိယာအတွင်းမှ ကျူးကျော်နေထိုင်သည့် နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီက ဖယ်ရှားမှုများလည်းရှိခဲ့ပြီး ၎င်းတို့မှာ လက်ရှိအချိန်ထိ နေစရာအပြင် အခက်အခဲမျိုးစုံနှင့်ကြုံတွေ့နေကြရသည်။