- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာသားတစ်ဦးကို မြန်မာစစ်တပ်က ဆက်လက်ဖမ်းဆီးထား
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာသားများအပါအဝင် ဒေသခံ ၂၅ ဦးကို မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့ပြီးနောက် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း မောင်းဆွဲကျေးရွာသားတစ်ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သတင်းရရှိသည်။
04 Oct 2022
DMG ၊ အောက်တိုဘာ ၃
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာသားများအပါအဝင် ဒေသခံ ၂၅ ဦးကို မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့ပြီးနောက် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း မောင်းဆွဲကျေးရွာသားတစ်ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က မောင်းဆွဲကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်ရာတွင် ရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပြီး ကလေးနှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းနောက်တွင် ရွာဘက်သို့လာသည့် မြန်မာစစ်တပ်နှင့် ကြောက်လန့်ထွက်ပြေးနေသော လူအုပ်တို့တွေ့ကာ သံသယဖြင့်ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ဒေသခံများကို ခမရ ၃၇၈ တွင် စစ်ဆေးမေးမြန်းပြီးနောက် ဖမ်းဆီးခံရသူ ၂၅ ဦးအနက် ၂၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် အသက် ၃၅ နှစ်အရွယ် မောင်းဆွဲကျေးရွာသား ကိုဝင်းနိုင်ကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု ပြန်လွတ်လာသူ တစ်ဦးကပြောသည်။
“သူတို့(မြန်မာစစ်တပ်)က ခေါ်စစ်တာက တစ်ယောက်ချင်းစီပဲ ခေါ်စစ်တာ။ လွတ်တဲ့အခါလည်း အသုပ်လိုက်လွှတ်ပေးတာ။ ကျွန်တော်တို့လည်း စဉ်းစားနေတာ။ သူဘာဖြစ်လို့ ကျန်နေခဲ့လည်းဆိုတာ ကျွန်တော်တို့လည်း ဝေဖန်ဖို့မတတ်ပါဘူး။ အားလုံးလွတ်လာရဲ့နဲ့ သူတစ်ယောက်တည်းကျန်ခဲ့တော့ အားလုံးလန့်နေကြပါတယ်။ စစ်ဆေးရေးမှာ ဘာတွေဘယ်လိုဖြစ်နေတာလဲဆိုတာ စဉ်းစားလို့မရဘူး“ဟု သူကပြောသည်။
စစ်ကြောရေးတွင် စစ်ဆေးခံရစဉ် မျက်နှာကို အဝတ်စဖြင့်ဖုံးအုပ်ကာ စစ်ဆေးခံခဲ့ရပြီး ၎င်းတို့လိုလားသည့် မေးခွန်းမရလျှင်လည်း စာအုပ်ဖြင့် ရိုက်နှက်ခံခဲ့ရကြောင်း အဆိုပါလွတ်မြောက်လာသူက ဆက်ပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
မောင်းဆွဲကျေးရွာသို့ လက်နက်ကြီးကျရောက်ခဲ့မှုကြောင့် အဆိုပါကျေးရွာသားများအပါအဝင် သရက်တော၊ ကတိုး စသည့်ကျေးရွာများမှ ဒေသခံများမှာ ရွာနှင့်နှစ်မိုင်ခန့်ဝေးကွာသည့် မျောက်ချောင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။