- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
အင်းစိန်ထောင်မှ မွတ်ဆလင် ၁,၀၀၀ ခန့်ကို တိုက်ပွဲဖြစ်နေသည့် စစ်တွေသို့ ရွှေ့ပြောင်း
ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)၊ နံနက် ၆ နာရီခန့်က အင်းစိန်ထောင်မှ ချုပ်ရက်စေ့သူများအပါအဝင် ကလေးသူငယ်များ၊ အမျိုးသား၊ အမျိုးသမီး မွတ်ဆလင် ၉၃၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက Express (ခရီးသည်တင်ယာဉ်)များဖြင့် ခေါ်ထုတ်ကာ စစ်တွေသို့ ရေကြောင်းဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။
17 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား မွတ်ဆလင် ၉၃၆ ဦးကို စစ်ကောင်စီက ရခိုင်ပြည်၊ စစ်တွေမြို့သို့ ရွှေ့ပြောင်းသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)၊ နံနက် ၆ နာရီခန့်က အင်းစိန်ထောင်မှ ချုပ်ရက်စေ့သူများအပါအဝင် ကလေးသူငယ်များ၊ အမျိုးသား၊ အမျိုးသမီး မွတ်ဆလင် ၉၃၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက Express (ခရီးသည်တင်ယာဉ်)များဖြင့် ခေါ်ထုတ်ကာ စစ်တွေသို့ ရေကြောင်းဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။
“ အဲဒီ ရိုဟင်ဂျာ(မွတ်ဆလင်)တွေကို ရှေ့တန်း ပို့ဆောင်ဖို့ စီစဉ်ထားတဲ့အတွက် အခုလို ခေါ်ထုတ်သွားတယ်လို့ သုံးသပ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်ရက်စေ့လို့ လွတ်မယ်ဆိုရင် သူသိရှင်ကြား ကြေညာရမှာကို အခုလို ခိုးထုတ်သွားတာက သံသယဖြစ်စေတယ်” ဟု PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက DMG ကို ပြောသည်။
အဆိုပါ မွတ်ဆလင်များမှာ အင်းစိန်အကျဉ်းထောင်တစ်ခုတည်းမှ အကျဉ်းသားများ မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မွတ်ဆလင်များဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင် အင်စိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံရသူများဖြစ်သည်။
ချုပ်ရက်စေ့ မွတ်ဆလင်များကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် စစ်တွေသို့ ပို့ဆောင်ခြင်းမှာ တိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် အသုံးချရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။
“ သူတို့(မွတ်ဆလင်)တွေက လူသားဒိုင်ကာအဖြစ် အသုံးချခံနိုင်တဲ့ အခြေအနေရှိသလို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုတော့ စစ်တွေမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ ထားခဲ့တယ်ဆိုရင်တောင်မှ စားဝတ်နေရေးနဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ အခြေအနေမှာမရှိဘူး” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက “ (မွတ်ဆလင်) အမျိုးသား ၅၀၀ ကျော်ကို စစ်မှုထမ်းခိုင်း နိုင်တယ်။ အမျိုးသား ၅၀၀ ကျော် ရှိတဲ့ အရေအတွက်ကို ထမ်းခိုင်းမယ်ဆိုရင် ဒါဟာ ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်ကြားထဲမှာ လူမျိုးရေးပဋိပက္ခ ဖြစ်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်” ပြောသည်။
ပြီးခဲ့သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းကလည်း စစ်ကောင်စီသည် AA ၏ ထိုးစစ်ကိုခုခံရန် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များ၊ ARSA၊ RSO၊ ARA လက်နက်ကိုင်အဖွဲ့များကို အသုံးချ၍ တိုက်ခိုက်ခဲ့သည်။
ပြည်တွင်းစစ်ပွဲများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်တွင် ပြဌာန်းလိုက်ပြီးနောက် ရခိုင်ပြည်က မွတ်ဆလင်များလည်းကို အဓမ္မ စည်းရုံးသိမ်းသွင်းကာ စစ်သင်တန်းပေးလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီသည် စစ်သင်တန်းပေးထားသည့် မွတ်ဆလင် ၁,၀၀၀ ခန့်ကို စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)အပါအဝင် ခလရ ၂၀၊ ခလရ ၂၃၂၊ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ကို ပို့ဆောင်ခဲ့သည်။
“ အခုဆိုရင် စစ်တွေမြို့နယ်တွေမှာ တိုက်ပွဲကစဖြစ်နေပြီဆိုတော့ မြို့ထဲမှာ ဖြစ်လာရင် ဒေသခံတွေပြေးစရာ နေရာလည်း မရှိဘူး။ ရန်ကုန်သွားမယ်ဆိုရင်လည်း ကျနော်တို့ မွတ်ဆလင်အများစုမှာ Passport မရှိတော့ မသွားရဘူး။ မြို့ထဲကိုသာ AA ထိုးစစ်ဆင်လာရင်တော့ ဒေသခံတွေ ဓားစာခံဖြစ်မှာ သေချာတယ်”ဟု ရန်ကုန်သို့ စစ်ဘေးရှောင်နေသည့် မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခြင်းများရှိနေပြီး စစ်ကောင်စီသည် စစ်တွေမြို့ ပတ်လည်ရှိ ပင်လယ်ပြင်တွင် စစ်ရေယာဉ်များ တိုးချဲ့ချထားခြင်း၊ ကမ်းနားလမ်း တစ်လျှောက် ခြံစည်းရိုးများ ကာရံ၍ AA ၏ ထိုးစစ်ကို ခုခံရန် ပြင်ဆင်ထားသည်။