နခခ ၅ ကို ဆက်လက်ခုခံနိုင်ရန် လေကြောင်းဖြင့် ရိက္ခာဖြည့်ပေးနေ
နခခ (၅) မကျရှုံးရေး ဆက်လက်ခုခံ တိုက်ခိုက်နိုင်ရန်အတွက် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ Y-12 လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ရိက္ခာဖြည့်တင်းပေးနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
30 Oct 2024
DMG ၊ အောက်တိုဘာ ၃၀
ရခိုင်ပြည်၊ မောင်တောမြို့အခြေစိုက် စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိနေသေးသည့် မြို့သူကြီး နခခ (၅) တပ်ရင်းကို လေကြောင်းမှတစ်ဆင့် ရိက္ခာအလုံးအရင်း ထပ်မံဖြည့်တင်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နခခ (၅) မကျရှုံးရေး ဆက်လက်ခုခံ တိုက်ခိုက်နိုင်ရန်အတွက် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ Y-12 လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ရိက္ခာဖြည့်တင်းပေးနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" Y-12 လေယာဉ်နဲ့ နေ့တိုင်း ရိက္ခာ လာချပေးတာရှိတယ်။ မနေ့ကလည်း လာချတယ်။ တိုက်ပွဲဖြစ်တဲ့ နေ့တွေဆိုရင် ရိက္ခာဖြည့်လို့ရအောင် ဂျက်တိုက်လေယာဉ်နဲ့ အဲဒီအနီးတဝိုက်ကို လာပစ်ပြီး ကာကွယ် ပေးတာရှိတယ်" ဟု သူက ဆိုသည်။
အာရက္ခတပ်တော်က နခခ (၅) ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် အောက်တိုဘာ ၁၄ ရက်မှစ၍ ထိုးစစ်အရှိန် တစ်ဖန်မြှင့်ကာ တိုက်ခိုက်ခဲ့ပြီး လက်တလောတွင် အောက်တိုဘာ ၂၈ ရက်မှစ၍ တိုက်ပွဲများ ရပ်တန့်နေကြောင်း ဒေသခံများထံမှ သိရသည်။
" တိုက်ပွဲရပ်နေတာကတော့ နှစ်ရက်လောက်ရှိပါပြီ။ ပစ်ခတ်သံတွေလည်း မကြားရဘူး။ AA ထိုးစစ်ဆင်တဲ့ နေ့ဆိုရင် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ တစ်ညလုံး လာပစ်တာရှိတယ်" ဟု စစ်ရေးအခြေအနေကို သိရှိသူ မောင်တောဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်အနောက်ဘက်ခြမ်းရှိ မောင်တောမြို့သည် စစ်ကောင်စီအတွက် စစ်ရေး၊ ဂုဏ်သိက္ခာပိုင်းအရ အရေးပါသဖြင့် အဆိုပါမြို့ကို မကျရှုံးရေး စစ်ကောင်စီသည် လေကြောင်းပစ်ကူကို အဓိကအသုံးပြု၍ အသည်းအသန်ခုခံနေ၍ တိုက်ပွဲများမှာလည်း ကြာမြင့်လျက်ရှိသည်။
တိုက်ပွဲပြင်းထန်မှုနှင့်အတူ လေကြောင်းပစ်ခတ်မှု ပိုမိုလုပ်ဆောင်နေခြင်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများ မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
ရခိုင်ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၁၁ နီးပါးကြာမြင့်လာနေပြီး မောင်တော၊ ဂွနှင့် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။